Border News Agency
နေပြည်တော်၊ ဩဂုတ် ၂၈။
အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မကြာမီရက်ပိုင်းတရုတ်နိုင်ငံကိုသွားရောက်ပြီး တရုတ်သမ္မတရှီကျင့်ဖျန်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့နိုင်ငံပိုင် MRTV ရုပ်သံမှာ ဩဂုတ်လ ၂၈ ရက် ဒီနေ့ကြေညာပါတယ်။
တရုတ်နိုင်ငံ၊ ထျန်းကျင်းမြို့မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ထိပ်သီးအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။
အဲဒီအပြင် ပေကျင်းမြို့မှာကျင်းပမယ့်တရုတ်ပြည်သူတွေရဲ့ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်နိုင်ခြင်းနှစ် ၈၀ပြည့်စစ်ရေးပြအခမ်းအနားအပြင် တရုတ်အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့လည်းတွေ့ဆုံဆွေးနွေးသွားမယ်လို့ဆိုပါတယ်။
စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အာဏာသိမ်းပြီးသုံးနှစ်ကျော်အကြာ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလက တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပြီး ခုခရီးစဉ်ကတော့ ဒုတိယမြောက်ခရီးစဉ်လည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံတဝှမ်းမှာ စစ်ကော်မရှင်တပ်က အရပ်သားတွေကိုပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို နေ့စဉ်လိုလိုပြုလုပ်နေတာပါ။
စစ်ကော်မရှင်တပ်က အသုံးပြုနေတဲ့ စစ်လက်နက်ပစ္စည်း၊ဒရုန်းနည်းပညာတွေအတွက် တရုတ်နိုင်ငံက ကူညီနေတာလို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြပါတယ်။
အာရက္ခတပ်တော်က ထိုးစစ်ဆင်နေတဲ့ကျောက်ဖြူမြို့နယ်မှာလည်း တရုတ်ရင်းနှီးမြုပ်နှံ့မှုတွေရှိနေတာမို့ စစ်ကော် မရှင်တပ်ကို တရုတ်နိုင်ငံက နည်းပညာတွေအကူအညီပေးနေတယ်လို့ ဝေဖန်ပြောဆိုနေကြပါတယ်။
အဲဒီအပြင် တရုတ်နိုင်ငံဟာ အာဏာသိမ်းစစ်တပ်အတွက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကိုလည်း ဖိအားပေးတာတွေပြုလုပ်နေတာမို့ စစ်အာဏာရှင်တော်လှန်ရေးအတွက် အနှောက်အယှက်ဖြစ်နေတယ်လို့ ဆိုကြပါတယ်။






