Border News Agency
စစ်တွေ၊ စက်တင်ဘာ ၄ ။
အာရက္ခဒေသဟာ နိုင်ငံတဝှမ်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ဒုတိယအများဆုံးဒေသဖြစ်နေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)ရဲ့ စက်တင်ဘာလ ၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
နိုင်ငံတဝှမ်းမှာ ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်းသုံးသန်းကျော်(၃၅၇၉၆၀၀) ဦးရှိပြီး စစ်ကိုင်းတိုင်းမှာတော့ လူပေါင်းတသန်းကျော် (၁၂၆၅၄၀၀ ဦး)နဲ့ အများဆုံးဖြစ်သလို အာရက္ခဒေသမှာ လူပေါင်းငါးသိန်းနီးပါး(၄၆၈၄၀၀) ဦးနဲ့ ဒုတိယအများဆုံးဖြစ်ပါတယ်။
အာရက္ခဒေသမှာ ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းခင်က အိုးအိမ်စွန့်ခွာထွက် ပြေးရသူ ၁၅၇၄၀၀ ဦးရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်မှာ လူပေါင်း ၂၂၃၅၀၀ ထပ်တိုးလာတာလို့လည်းဆိုပါတယ်။
မကွေးတိုင်းဟာ နေရပ်စွန့်ခွာထွက်ပြေးရသူ ၂၆၀၉၀၀ နဲ့ တတိယအများဆုံးဖြစ်ပြီး ကရင်ပြည်ကတော့ နေရပ်စွန့် ခွာထွက်ပြေးရသူ ၂၅၇၅၀၀ နဲ့ စတုတ္ထနေရာမှာရှိနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝှမ်းကလူပေါင်း ၁၈၇၉၀၀ ခန့်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့လည်းဆိုပါတယ်။
အာရက္ခဒေသမှာ အခြေခံစားနပ်ရိက္ခာကို ပြည့်မီအောင်မစားသုံးနိုင်တဲ့ မိသားစုအရေအတွက်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင် ဘာလမှာ ၃၃ ရာခိုင်နှုန်းရှိခဲ့ပေမယ့်ခုတော့ ၅၇ ရာခိုင်နှုန်းထိ ရောက်ရှိနေပြီလို့လည်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ရဲ့ ပြီးခဲ့တဲ့ဩဂုတ်လ ၁၂ ရက်နေ့ထုတ်ပြန်ပါတယ်။
ဒါဟာ စားနပ်ရိက္ခာဖူလုံမှုအခြေအနေ အလွန်စိုးရိမ်ဖွယ်ရာ အတိုင်းအတာထိရောက်ရှိနေတာဖြစ်ပြီး လတ်တလောအာဟာရချို့တဲ့မှုအခြေအနေမှာလည်း ပိုမိုဆိုးရွားလာနေတာကို ညွှန်ပြနေတာလို့ WFP က သတိပေးထားပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပေမယ့်စစ်ကော်မရှင်တပ်ရဲ့ပိတ်ဆို့မှုတွေကြောင့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကို အပြည့်အဝမဆောင်ရွက်ပေးနိုင်ဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်သုံးမြို့နယ်ကို ထိန်းချုပ်ထားပြီး လမ်းပန်းဆက်သွယ်ရေးတွေ၊ ကုန်စည်စီးဆင်းမှုတွေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။






