ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် Cobra Gold 2026 စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ဖို့အတွက် ဖေဖော်ဝါရီလ၂၀ ရက်က ဆာတာဟစ်ရေတပ်စခန်းကို ရောက်ရှိလာတဲ့ အမေရိကန်တပ်မတော်ရဲ့ စစ်လက်နက်ပစ္စည်းတွေကို လေ့ကျင့်ရေးနယ်မြေတွေဆီ စတင်သယ်ယူနေပြီ ဖြစ်ပါတယ်။
အဲဒီ စစ်လက်နက်တွေထဲမှာ နာမည်ကျော် AH-64E Apache တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ M777 အမြောက်ကြီးတွေအပြင် သံချပ်ကာလူနာတင်ယာဉ်နဲ့ ဘီးတပ်သံချပ်ကာယာဉ် အမျိုးမျိုး ပါဝင်နေတာပါ။
အဲဒီအပြင် တခြားစစ်ဘက်သုံး ထောက်ပံ့ရေးယာဉ်တွေနဲ့ဆက်သွယ်ရေးကိရိယာ အမြောက်အမြားကိုလည်း လေ့ကျင့်ရေးကွင်းတွေဆီကို ဆက်လက်ပို့ဆောင်နေတယ်လို့ သိရပါတယ်။
ဒီနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုဟာ ထိုင်းနဲ့ အမေရိကန်အပြင် တခြားမဟာမိတ်နိုင်ငံတွေလည်း ပါဝင်မယ့် နိုင်ငံစုံစစ်ရေးလေ့ကျင့်မှုကြီး ဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုမှာ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေတင်မကဘဲ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လေ့ကျင့်ခန်းတွေကိုပါ ထည့်သွင်းပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။






