Border News Agency
မကွေး၊ စက်တင်ဘာ ၃၀။
မကွေးတိုင်း၊ စလင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်ရဲ့အမှတ် ၂၅၄ ခြေလျင်တပ်ရင်းမှ အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတပ်သားတဦးလက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ မင်းဘူးခရိုင်အမှတ် ၅ တပ်ရင်းက စက်တင်ဘာလ ၃၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာတဲ့တပ်သား ထက်မြတ်ထွန်းဟာဆင်ဖြူကျွန်းမြို့ နွယ်တမယ်တံတားဂိတ်ရှိမှာ တာဝန်ကျစဥ် MA – ၂ တလက်၊ ကျည်ဘောက်သုံးခု၊ ဘောက်ဝိုင်းတခု၊ လက်ပစ်ဗုံးတလုံး၊ ၅.၅၆ ကျည်တရာ့လေးဆယ်ငါးတောင့် ယူဆောင်ကာ စက်တင်ဘာလ ၂၀ ရက်မှာအလင်းဝင်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအလင်းဝင်လာတဲ့စစ်မှုထမ်း အပတ်စဥ် ၁ တပ်သားထက်မြတ်ထွန်းကို မင်းဘူး ခရိုင်၊ အမှတ် ၅တပ်ရင်းမှ သိန်းတရာကျပ်တိတိကိုဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ခဲ့ပြီး ကာယကံရှင်ရဲ့ဆန္ဒအတိုင်းဆက်လက်လုပ်ဆောင်ပေးသွားမှာလို့ဆိုပါတယ်။
သူဟာ အရင်က ထောက်ပို့ရဲဘော်ဟောင်းတဦးဖြစ်ပြီးထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ခုနှစ်၊ ၇ လပိုင်းကလမ်းပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။
အဲဒီလိုပေါ်တာဆွဲခံရပြီး ပြင်ဦးလွင် – မန္တလေးကြား မန္တလေးစုဆောင်းရေးတပ် ၉၁၀ မှာသုံးလနောက်မှနေခဲ့ရပြီး တောင်ကြီးဟိုပုံးမြို့မှာခြောက်လ သင်တန်းတတ်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်ရဲ့ပခုက္ကူတပ်မ ၁၀၁ ကိုရောက်ရှိပြီး အမှတ် ၂၅ ၄ ခြေလျင်တပ်ရင်းကိုရောက်ခဲ့ကာ အလင်းဝင်ဖို့ဆုံးဖြတ်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့လက်အောက်မှရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့တွေဆီပူး ပေါင်းပါဝင်ချင်သူတွေကိုလည်းမင်းဘူးခရိုင်ရှိတော်လှန်ရေးတပ်ဖွဲ့တွေမှ ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုနေတယ်လို့ဆိုပါတယ်။









