Border News Agency
နမ့်ဆန်၊ အောက်တိုဘာလ ၁၃။
နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားတဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က အောက်တိုဘာ လ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဒီနေ့ နေ့လည် ၁၂ နာရီ ၅၅ မိနစ်အချိန်က လေကြောင်းမှပေါင် ၂၅၀ဗုံးခြောက်လုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အသက်ဆယ့်ကိုးနှစ်အရွယ် မောင်အစောဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် စာသင်ကျောင်းဆောင်နှစ်ဆောင်နဲ့ ပြည်သူလူထုနေအိမ်ခြောက်အိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းကျေးရွာရှိ စာသင်ကျောင်းအနီးကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကလည်း လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးသေဆုံးခဲ့ပြီး ကလေးခြောက်ဦးအပါအဝင် အရပ်သားကိုးဦး ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ဆယ့်ခြောက်အိမ်လည်း ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မိဘပြည်သူတွေဟာ စစ်ကော်မရှင်လေကြောင်းရန်ကို ရှောင်နိုင်ဖို့စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်နယ်မြေတွေကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းနဲ့အပြစ်မဲ့ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုကျူးလွန်နေတယ်လို့ ဆိုပါတယ်။