Border News Agency
မြေပုံ၊ အောက်တိုဘာ ၂၂။
မြေပုံမြို့နယ်မှာ ကားမှောက်လို့ တဦးသေဆုံးပြီးတဦးဒဏ်ရာရရှိသွားတယ်လို့ မြေပုံဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကားမှောက်မှုကြောင့် မင်းပြားမြို့ နယ်၊ မေလွမ်းကျေးရွာက အသက်နှစ်ဆယ့်နှစ်နှစ်အရွယ် ကိုမျိုးချစ်အောင်သေသွားပြီး ကျောက်တော်မြို့နယ်၊ ပြောင်းဆိပ်ကျေးရွာက အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ကိုမင်းမင်းဒဏ်ရာရသွားပါတယ်။
အဲဒီမြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာအနီးက ဆင်လန်တောင်မှာ အောက်တိုဘာလ ၂၂ ရက်၊ ဒီနေ့မနက် ၅ နာရီအချိန်ခန့်မှာ ကားမှောက်သွားတာပါ။
အဲဒီကားဟာ ကျောက်တော်မြို့မှတောင်ကုတ်မြို့သို့ စက်သုံးဆီတွေ သယ်လာတာဖြစ်ပြီး တုတ်ချောင်းကျေးရွာအနီး ဆင်လန်တောင်အဆင်းမှာ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲသို့ ထိုးကျမှောက်သွားတာပါ။
အဲဒါကြောင့် စက်သုံးဆီတွေပါလာတာမို့ကားမီးလောင်လို့ တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တာလို့လည်း ဆိုကြပါတယ်။
“ကားမှာပါလာတဲ့ နှစ်ယောက်မှာတယောက်သေတယ်။ တယောက်ပြင်းထန်ဒဏ်ရာရတယ်။ အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ တိမ်းမှောက်သွားတာ။ အဲဒီမှာဆီပီပါတွေမှောက်ပြီး မီးပါထလောင်တာ။ ကားတစီးလုံးလောင်ကျွမ်းသွားတယ်။” လို့ မြေပုံမြို့ဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီသေဆုံးသူနဲ့ ဒဏ်ရာရသွားသူဟာ ကားအငှားမောင်းသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ ယာဥ်မတော်တဆမှုတွေ ဆက်တိုင်းဖြစ်နေပြီး သေဆုံး၊ ဒဏ်ရာရ၊ ကိုယ်လက်အင်္ဂါဆုံးရှုးမှုတွေဖြစ်နေကြတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကတော့ ယာဥ်၊ လူအန္တရာယ်ကင်းရှင်းရေးတွေ ဆောင်ရွက်နေသလို ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းတွေလည်း ထုတ်ပြန်ထားပါတယ်။










