Border News Agency
မောင်တော၊ အောက်တိုဘာ ၂၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်၊ မြိုယုရွာအရှေ့ဘက်တံတားအနီးမှာ အောက်တိုဘာလ ၂၂ ရက်မနေ့က ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေပစ်သတ်လို့အမျိုးသမီးနှစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဲဒီမောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာနေ အသက်သုံးဆယ်အရွယ်မဝေဝေစိုးနဲ့ အသက်လေးဆယ်အရွယ်မနိုင်နိုင်ဆွေကို အကြမ်းဖက်သမားတွေပစ်သတ်သွားကြတာပါ။
အဲဒီဝေဝေစိုးအလောင်းအနီးမှာ အသက်သုံးနှစ်အရွယ်သမီးငယ်မခိုင်မြတ်မွန်ကို အသက်ရှင်ပြီးတွေ့ရသလို ကားမောင်းသူ ကိုထွန်းဝင်း၊ အသက်နှစ်ဆယ်ငါးနှစ်အရွယ် ခရီးသည်မောင်သန်းထွေးမှာ ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
“ဖြစ်တာကတော့ မှန်ပါတယ်။ စေတီပြင်ကဈေးဝယ်ပြီး ကျောက်ပန္ဒူကိုလာတာပါ။ ကားကတော့ ကျောက်ပန္ဒူကလို့ပြောပါတယ်။ နာမည်က ကိုထွန်းဝင်းပါ။ ကျောက်ပန္ဒူဘက်ကားက စေတီပြင်က ဈေးဝယ်ပြီး ပြန်လာတဲ့အချိန်မှာ အဖမ်းခံရတာလို့ပြောပါတယ်။” လို့ကျောက်ပန္ဒူရွာသားတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီအရပ်သားပြည်သူတွေဟာ ရသေ့တောင်မြို့နယ်၊စေတီပြင်ကျေးရွာမှစျေးဝယ်ပြီး မောင်တောမြို့နယ်၊ ကျောက်ပန္ဒူကျေးရွာသို့ပြန်လာကြလို့ ဆိုကြပါတယ်။
အဲဒီပစ်ခတ်မှုတွေကို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကျူးလွန်တာဖြစ်သလို ခရီးသွားပြည်သူတွေကို သေနတ်ပစ်ပြန်ပေးဆွဲသွားကြတာလည်း ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေလို့ ဒေသခံတွေက ဆိုကြပါတယ်။
အဲဒီကျောက်ပန္ဒူ-စေတီပြင်၊ မယူတောင်ကျော်လမ်းမှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၄ ရက်နေ့ကလည်း သေနတ်ပစ်ခံရလို့ တဦးသေဆုံးပြီးသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီနေရာကို အာရက္ခတပ်တော်က သွားရောက်ရှင်းလင်းနေပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေကို အာရက္ခတပ်တော်က လိုက်လံရှာနေတယ်လို့ ဆိုပါတယ်။













