Border News Agency
မြိုင်၊ ဒီဇင်ဘာ ၂။
မြိုင်မြို့နယ်မှကျေးရွာတချို့ကို စစ်ကော်မရှင်တပ်စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အညာမြေအရပ်ဖက်လူမှုကူညီရေးအဖွဲ့မှ ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ ဒီဇင်ဘာလ ၁ ရက်နေ့က ပန်းတိုင်းတောရွာ၊ အိုင်းမရွာနဲ့ညောင်တွင်းအနောက်ရွာမှာ စစ်ကြောင်းထိုးညအိပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကြောင်းဟာ နိုဝင်ဘာလ ၃ ရက်နေမှစပြီး မြိုင်နယ်တောင်ပိုင်းတွင်းမပျူရွာကိုဝင်ပြီး နှမ်းဆီကန်ကျေးရွာမှ နေအိမ်နှစ်ဆယ့်ငါးလုံး၊ ရွာတန်းရှည်ကျေးရွာတောတိုက်စစ်ရှောင်တဲသုံးလုံး၊ ဆန်အိတ်နှစ်ဆယ်ကျော်နဲ့ဆိုင်ကယ်သုံးစီး၊ ဝက်ပုတ်ကျေးရွာမှနေအိမ်နှစ်လုံး၊ တဲကြီးကျေးရွာမှဘုန်းတော်ကြီးကျောင်းအပါအဝင် နေအိမ်နှစ်ဆယ့်ရှစ်လုံး စုစုပေါင်းငါးဆယ်ခြောက်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ရွာတန်းရှည်ကျေးရွာမှ ပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ဆိုပါတယ်။
အဲဒီမြိုင်မြို့နယ်၊ ညောင်ရွာကျေးရွာမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကော်မရှင်စစ်ကြောင်းဟာ ပြည်သူတဦးကိုသတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့် မြိုင်မြို့နယ်မှ ပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန်နဲ့ စစ်ကြောင်းထိုးလာတာကို အထူးဂရုစိုက်ကြဖို့ အသိပေးထားပါတယ်။







