Border News Agency
မြဝတီ၊ ဒီဇင်ဘာ ၃။
မင်းလက်ပံ ကျားဖြန့်ဧရိယာ Shunda Park scam ခြံဝင်းနေရာမှ တရုတ်နိုင်ငံသားခုနှစ်ဆယ်ငါးဦးကို ထိုင်းအာဏာပိုင်တွေဆီ လွှဲပြောင်းပေးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ ဒီဇင်ဘာလ ၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတရုတ်နိုင်ငံသားတွေဟာ မင်းလက်ပံမှထွက်ခွာဖို့ တောင်းဆိုခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ခုနှစ်ဆယ်ငါးဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့က သောင်ရင်းမြစ်ကမ်းဘက်မှ ထိုင်းအာဏာပိုင်တွေဆီလွှဲပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမင်းလက်ပံကို စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံနယ်ခြားစောင့်တပ်တွေက စစ်ကြောင်းနှစ်ကြောင်းနဲ့အပြင်းအထန် ထိုးစစ်ဆင်နေပြီးလက်နက်ကြီးအပါအဝင် လေကြောင်းတိုက်ခိုက်မှုတေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် လုံခြုံရေးအခြေအနေဟာ ပိုမိုဆိုးရွားလာနေတာမို့ခြံဝင်းအတွင်းရှိတဲ့ ထွက်ခွာဖို့တောင်းဆိုတဲ့နိုင်ငံခြားသားတွေကို ဘေးလွတ်ရာပို့ဆောင်ပေးနေတာလို့ဆိုပါတယ်။
အဲဒီအပြင် သောင်ရင်းမြစ်ကမ်းမှာ သောင်တင်နေတဲ့ နိုင်ငံခြားသားစုစုပေါင်းလေးရာနီးပါးကို ထိုင်းအာဏာပိုင်တွေဆီလွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်သလို လက်ရှိမှာ သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ဖို့ ထိုင်းအာဏာပိုင်တွေရဲ့လက်ခံမှုကို စောင့်ဆိုင်းနေတဲ့နိုင်ငံခြားသား တရာ့တဆယ့်ခုနှစ်ဦးကျန်ရှိနေတယ်လို့ ဆိုပါတယ်။
နောက်ပြီး မြန်မာလူမျိုး တထောင့်သုံးရာကျော်ကိုလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းပေးနိုင်ဖို့ စီစဉ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။












