Border News Agency
မြောက်ဦး၊ ဒီဇင်ဘာ ၁၂။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်ကျူးလွန်တာမို့ နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆိုလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မြောက်ဦးပြည်သူ့ဆေးရုံကြီးကို စစ်ကော်မရှင်တပ်မှ ပေါင်ငါးရာဗုံးနှစ်လုံးနဲ့ တိုက် ခိုက်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးကုသမှုခံယူနေကြတဲ့အရပ်သားပြည်သူစုစုပေါင်း သုံးဆယ်လေးဦးသေဆုံးခဲ့ပြီး ခုနှစ်ဆယ်ခုနှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒိီအပြင် ကျောက်ဖြူမြို့နယ်၊ ငလုံးစုကျေးရွာကိုလည်း ဒီဇင်ဘာလ ၁၁ ရက်၊ မနေ့ ညနေ ၇ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခို က်လို့ စစ်ဘေးရှောင်ရှစ်ဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီလိုအရပ်သားပြည်သူတွေကို စစ်ရေးပစ်မှတ်လိုဦးတည်ပြီး ဆက်တိုက်လေကြောင်းတိုက်ခိုက်တာတွေကြောင့် သေဆုံး၊ ဒဏ်ရာရနေကြတဲ့အပြစ်မဲ့ အာရက္ခပြည်သူတွေနဲ့အတူ မိမိတို့ “ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်”အနေနဲ့လည်း များစွာစိတ်ထိခိုက်ဝမ်းနည်းကြေကွဲရတယ်လို့ဆိုပါတယ်။
အဲဒါကြောင့် စစ်ရေးပစ်မှတ်မဟုတ်တဲ့ မြောက်ဦးပြည်သူ့ဆေးရုံနဲ့အရပ်သားတွေအပေါ် စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အပြည်ပြည်ဆိုင်ရာ စစ်ရေးဥပဒေကိုပြင်းထန်တဲ့ ချိုးဖောက်မှုဖြစ်ပြီး စစ်ရာဇဝတ်မှုတရပ်အဖြစ် ရက္ခိုင်လူ့အဖွဲ့အစည်းများဖိုရမ်မှ တိတိကျကျမှတ်တမ်းတင်ထားတယ်လို့ဆိုပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ UNSCR 2286 နဲ့ 2669 တို့အရ ကျန်းမာရေးဝန်ထမ်းများနဲ့ အရပ်သားပြည်သူတွေကိုကာကွယ်ရမယ့် တာဝန်ဟာသက်ဆိုင်ရာနိုင်ငံအားလုံးမှာ တာဝန်ရှိတယ်လို့ဆိုပါတယ်။
ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် စစ်ကော်မရှင်ဟာ တရားဝင်တာဝန်ခံရမယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူနဲ့ မြန်မာအရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားပြီး အကြမ်းဖက်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကို မငြင်းကွယ်နိုင်တဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု(Crimes Against Humanity)ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် အာဆီယံ (ASEAN) ၊ ဥရောပသမဂ္ဂ (EU) နဲ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေ(UN)အနေနဲ့လည်း မြန်မာစစ်ကော်မရှင်ရဲ့ အရပ်သားလူထုကို စစ်ရေးပစ်မှတ်အဖြစ်ဦးတည်တဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုတွေအပေါ် ထိရောက်မြန်ဆန်ပြင်းထန်တဲ့ အရေးယူမှုတွေအမြန်ဆုံးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။






