Border News Agency
ဒီမော့ဆို၊ ဒီဇင်ဘာ ၂၅။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ စုပေါင်းပြီးရွေးကောက်ပွဲဆန့်ကျင် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်လို့ ကရင်နီပြည်၊ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၊ ဗဟိုစစ်ဦးစီးတပ်၊ အမှတ် ၆၂၆ တပ်ရင်းမှ ဒီဇင်ဘာလ ၂၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီလှုပ်ရှားမှုကို ဒီဇင်ဘာ ၂၃ ရက်နေ့ကပြုလုပ်ခဲ့တာဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့အသီးသီးရှိ သက်ဆိုင်ရာတာဝန်ခံတွေက ရွေးကောက်ပွဲဆန့်ကျင်ကြောင်းပြောကြားမှုတွေ၊ ကြွေးကြော်သံ၊ ဟစ်ကြွေးတာတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီရွေးကောက်ပွဲဆန့်ကျင်ရေးကို ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးကလလတ၊ ရှမ်း-ကယားစစ်တိုင်းတပ်ရင်းအမှတ် ၁၁၀၉၊ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုမြို့နယ် (DMO Local PDF)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ ကယန်းအမျိုးသားတပ်မတော် (KNA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ကော်မရှင်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ရရာနည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကြဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲအတုနဲ့ ပတ်သက်တဲ့လူမှန်သမျှကို လူထုသစ္စာဖောက်အဖြစ်သတ်မှတ်မှာဖြစ်သလို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သွားမယ်လို့လည်း ဆိုပါတယ်။













