Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၃။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ထဲကို အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ နှစ်ဆယ်ဦးသေဆုံးသွားတယ်လို့ ရတနာပုံတော်လှန်ရေးအင်အားစု(YRF)က ဇန်နဝါရီလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီဘုတလင်မြို့ထဲကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်၊ မနက်ပိုင်းက မုံရွာ နမခ ကနေ ထွက်လာတဲ့အင်အားတရာ့ငါးဆယ်ပါ စစ်ကော်မရှင်စစ်ကြောင်းကို YRF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထနောင်းကုန်းရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်က အကျအဆုံးများပြီး အထိနာသွားတဲ့အတွက် နမခတပ်စခန်းထဲကို အမြန်ပြန်ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအပြီး နယ်မြေရှင်းလင်းရေးလုပ်ချိန် စစ်ကော်မရှင်တပ်ဖွဲ့ဝင် အလောင်းသုံးလောင်းနဲ့အတူ MA-1တလက်၊ MA-2 တလက်အပြင် စစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်စစ်ကြောင်းကိုYadanarbon Revolutionary Force (YRF) နဲ့အတူ SAF၊ ဘုတလင်ရွေ့လျားစစ်ကြောင်း (BMT)၊ မုံရွာခရိုင် တပ်ရင်း ၁၈၊ တပ်ရင်း ၂၅ နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ မဟာမိတ်အဖွဲ့က ရဲဘော်သုံးဦးမြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ဆိုပါတယ်။










