Border News Agency
ထိုင်း၊ ဇန်နဝါရီ ၂၀။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်ထဲက နာမည်ကျော် ရာမ ၂ လမ်း (Rama II) ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ ဇန်နဝါရီလ၂၀ ရက်၊ ဒီနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီနေရာဟာ မကြာသေးခင်ကမှ ကရိန်းလဲကျမှု ဖြစ်ပွားခဲ့တဲ့ နေရာဟောင်းဖြစ်တာကြောင့် အလုပ်သမားတွေနဲ့ အနီးနားကပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်မှုတွေ ရှိခဲ့ပါတယ်။
အဲဒီ မီးလောင်မှုဖြစ်ပွားချိန်မှာ မဲနက်နေတဲ့ မီးခိုးလုံးကြီးတွေ အဝေးကနေမြင်ရတဲ့အထိ ပြင်းထန်ခဲ့ပြီး ထိုင်းအာဏာပိုင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက ချက်ချင်းရောက်ရှိလာပြီး မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီနေရာကိုလုံခြုံရေးအရ တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပြီး လူဝင်လူထွက် ပိတ်ထားလိုက်ပါတယ်။
အဲဒီထဲ အပေါ်ကပစ္စည်းတွေပြုတ်ကျရာကနေ အောက်ကဟိုက်ဒရောလစ်စနစ်ကိုရိုက်မိပြီး ဆီတွေယိုစိမ့်ထွက်လာတာလို့ ထိုင်းအာဏာပိုင်တွေရဲ့ အကြိုစစ်ဆေးချက်အရသိရပါတယ်။
အဲဒီယိုစိမ့်တဲ့ဆီတွေက သံမဏိသံပေါင်တွေရဲ့ အပူရှိန်နဲ့ထိတွေ့မိပြီး မီးပွားထွက်ရာကနေ ကူးစက်လောင်ကျွမ်းခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးတာမရှိဘူးလို့လည်း ဆိုပါတယ်။
အဲဒီနေရာကို ထိုင်းအာဏာပိုင်တွေက နောက်ထပ်မတော်တဆမှုတွေ ထပ်မဖြစ်အောင် အဆောက်အအုံကြံ့ခိုင်မှုကို ကွင်းဆင်းစစ်ဆေးနေသလို မီးလောင်ရတဲ့အကြောင်းရင်း အတိအကျကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။










