Border News Agency
တကော၊ ဇန်နဝါရီ ၂၂။
ကရင်ပြည်၊ ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်မှာ စစ်ကော်မရှင်ကျင်းပနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှုကို ဇန်နဝါရီလ ၉ ရက်နေ့က တစ်ခရိုင်လုံးပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုကို “Zero Hour” အဖြစ်သတ်မှတ်ပြီး ဇန်နဝါရီလ၉ ရက်၊ မနက် ၉ နာရီမှာ မြို့နယ်အတွင်းနေရာအသီးသီးကနေ တပြိုင်နက်တည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပြီး ပြည်သူနှစ်ထောင်ကျော်ခန့် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ကရင်လူငယ်အစည်းအရုံး (KYO) နဲ့ ဒေသခံတွေဟာ “သမိုင်းတရားခံမဖြစ်ဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်စို့” ဆိုတဲ့ ဆောင်ပုဒ်တွေကိုကိုင်ဆောင်ပြီး လမ်းမပေါ်ထွက်စီတန်းလှည့်လည်ခဲ့ကြပါတယ်။
လူထုခေါင်းဆောင်တွေက ရွေးကောက်ပွဲဆန့်ကျင်ရေး ဟောပြောမှုတွေနဲ့ လက်ကမ်းစာစောင်ဝေငှတာတွေ လုပ်ခဲ့ကြသလိုစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကိုကိုယ်စားမပြုတဲ့ အတုအယောင်သာဖြစ်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြပြည်သူတွေက စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒကို အလိုမရှိကြောင်း၊ လူမျိုးပေါင်းစုံညီညွတ်မှုနဲ့ ကော်သူးလေအစိုးရ တည်ဆောက်ရေးတို့ကိုကြွေးကြော်ပြီး ပြတ်ပြတ်သားသား ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
နိုင်ငံတကာကလည်း အသိအမှတ်ပြုမှာမဟုတ်တဲ့ ဒီရွေးကောက်ပွဲကိုလက်မခံဘဲ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ နို့တကောမြို့နယ်က လူငယ်တွေနဲ့ ပြည်သူတွေက ဆိုပါတယ်။

































