Border News Agency
ပလက်ဝ၊ ဇန်နဝါရီ ၂၂။
ပလက်ဝခရိုင်၊ ပလက်ဝမြို့ဆိပ်ကမ်းမှာ ရေနစ်မြုပ်သွားတဲ့စက်လှေတစီးကို အာရက္ခတပ်တော်က ကူညီကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။
ပလက်ဝမြို့ဆိပ်ကမ်းမှာ ဇန်နဝါရီလ ၁၈ ရက်နေ့၊ ည ၁ နာရီအချိန်ခန့်က သံဖြူတွေတင်ဆောင်လာတဲ့ စက်လှေတစီးဟာ ရေနစ်မြုပ်သွားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးက အကူအညီပေးခဲ့ပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖွဲ့ရဲ့ ချက်ချင်းတုံ့ပြန်ကူညီမှုကြောင့် စက်လှေပါကုန်ပစ္စည်းတွေကို ပြန်လည်ကယ်ဆယ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီရေနစ်မြုပ်သွားတဲ့စက်လှေဟာ စက်လှေဟောင်းနွမ်းမှုကြောင့် ပျဉ်ပြားကြားမှရေဝင်လာပြီး ရေစုပ်စက်နဲ့ထုတ်ယူနေတဲ့အချိန် သံဖြူတွေရဲ့ ဝိတ်အလွန်များတာတွေကြောင့် နစ်မြုပ်သွားခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒါကြောင့် စက်လှေပိုင်ရှင်အမျိုးသမီးမှ ပလက်ဝခရိုင်ပါတီရုံးမှာ သွားရောက်အကူအညီတောင်းခဲ့လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ပလက်ဝခရိုင်ပါတီအဖွဲ့မှဦးဆောင်တဲ့ လူငယ်ရေးရာအဖွဲ့၊ မီးသတ်နဲ့ သက်ဆိုင်ရာဌာနတွေပူးပေါင်းပြီး လုံခြုံရေးစနစ်တကျနဲ့ ကူညီကယ်ဆယ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစက်လှေဟာ ရှင်းလက်ဝမှကျောက်တော်မြို့ကို သံဖြူတွေတင်ဆောင်ဖို့ အငှားလိုက်လာတာဖြစ်ပြီး စက်လှေပေါ်ရှိသံဖြူတွေဟာ ကာလပေါက်စျေးအရမြန်မာငွေကျပ် သိန်းနှစ်ထောင်ကျော်တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ရဲ့ ကူညီကယ်ဆယ်မှုကြောင့် ဒေသခံကုန်သည်တွေအတွက် ကြီးမားတဲ့စီးပွားရေးဆုံးရှုံးမှုကို ရှောင်လွှဲနိုင်ခဲ့တာလို့ ဒေသခံတွေကဆိုပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA / AA) ပလက်ဝခရိုင်ပါတီမှ စက်လှေပိုင်ရှင်တွေရဲ့ ကုန်ပစ္စည်းတွေကို အလွန်အကျွံ မတင်ကြဖို့၊ စက်လှေတွေရဲ့ခိုင်ခန့်မှုနဲ့ လုံခြုံရေးကိုသေချာစွာစစ်ဆေးထိန်းသိမ်းဖို့၊ ရေအန္တရာယ်ကင်းစွာသွားလာကြဖို့ အသိပေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်အနေနဲ့ စစ်ရေးအပြင် ပြည်သူ့အသက်မွေးဝမ်းကျောင်းနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ ကောင်းကျိုးဆောင်ရွက်မှုဖြစ်ပြီး ပလက်ဝဒေသမှာ ပြည်သူတွေရဲ့ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။








