Border News Agency
မောင်တော၊ ဇန်နဝါရီ ၂၂။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မောင်တောမြို့နယ်မှာ အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေးတွေ ဆက်ပြီးလုပ်နေပါတယ်။
အဲဒီမြေမြှုပ်မိုင်းတွေကြောင့် ဒေသခံပြည်သူတွေထိခိုက်လို့ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေကိုဆက်ပြီး လုပ်နေတာပါ။
အဲဒီမောင်တောမြို့၊ အမှတ် – ၇၆၆ တပ်ရင်း၊ ကားလမ်းမတွေနဲ့ မြက်သာဆည်အနားဝန်းကျင်မှာ ဇန်နဝါရီလ၂၀ ရက်နေ့က မိုင်းရှင်းရေး၊ သန့်ရှင်းရေးတွေကို အာရက္ခတပ်တော်တပ်ဖွဲ့ဝင်တွေက လုပ်နေကြတာဖြစ်ပါတယ်။
အဲဒီမောင်တောမြို့နယ်မှာ အာရက္ခတပ်တော်မှ မိုင်းရှင်းလင်းရေးလုပ်ဆောင်နေချိန် M – 14 မိုင်းခုနှစ်ဆယ့်ရှစ်လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
မောင်တောမြို့နယ်မှာ တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်တပ်စွဲခဲ့တဲ့ နေရာတွေ၊ တောင်တန်းတွေနဲ့ အရပ်သားပြည်သူတွေအလုပ်လုပ်တဲ့ ယာခင်း၊ လယ်ခင်းတွေမှာ မြေမြှုပ်မိုင်းတွေကို ရည်ရွယ်ချက်ရှိရှိထောင်ထားခဲ့တဲ့အပြင် စစ်ကျန်လက်နက်တွေကိုလည်း စွန့်ပစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့လည်း အာရက္ခဒေသအတွင်း မိုင်းနဲ့စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲတွေ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်တွေ၊ မိုင်းအန္တရာယ်ဆိုင်ရာအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ၊ မိုင်းရှင်းလင်းရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အာရက္ခဒေသမှာ မြေမြုပ်မိုင်း၊ စက်ကျန်လက်နက်ပစွည်းတွေကြောင့် ကလေးသူငယ်တွေအပါအဝင် အရပ်သားသေဆုံး၊ ဒဏ်ရာရတာတွေ မကြာခဏဖြစ်နေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။
ဒါကြောင့် အာရက္ခတပ်တော်အနေနဲ့ တခြားမြို့နယ်တွေမှာလည်း မြေမြုပ်မိုင်းတွေကို သေချာရှင်းလင်းပေးစေချင်တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။








