Border News Agency
ဖိလစ်ပိုင်၊ ဖေဖော်ဝါရီ ၄။
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ ဘာစီလန် (Basilan) ခရိုင်၊ ဘာလွတ် – ဘာလွတ် (Baluk – Baluk) ကျွန်းအနီးမှာနစ်မြုပ်ခဲ့တဲ့ MV Trisha Kerstin 3 ကူးတို့သင်္ဘောကို ၁၀ ရက်ကြာရှာဖွေပြီးနောက် ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ (PCG) က ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီရုပ်အလောင်းသစ်တွေကို အစိုးရဌာနဆိုင်ရာတွေ၊ ဒေသန္တရအဖွဲ့တွေနဲ့ ဒေသခံရေလုပ်သားတွေ ပူးပေါင်းရှာဖွေခဲ့တာဖြစ်ပြီး လက်ရှိမှာသေဆုံးသူစုစုပေါင်း လေးဆယ့်ငါးဦးအထိရှိလာပြီလို့ သိရပါတယ်။
အဲဒီကူးတို့သင်္ဘောဟာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၆ ရက်နေ့က ခရီးသည်နဲ့အမှုထမ်း ၃၅၀ ကျော်တင်ဆောင်လာစဉ် ဘာလွတ် – ဘာလွတ်ကျွန်းအနီးမှာ စတင်နစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီသင်္ဘောနစ်မြုပ်ပြီးနောက်ပိုင်း ၁၀ ရက်ဆက်တိုက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ရာမှာ ဒီနေ့အထိ အသက်ရှင်ကျန်ရစ်သူ သုံးရာ့တဆယ့်ခြောက်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရေငုပ်ရှာဖွေမှုတွေအရ နစ်မြုပ်နေတဲ့သင်္ဘောဟာ ဘာလွတ် – ဘာလွတ်ကျွန်းရဲ့ အရှေ့ – အနောက်တည့်တည့်အနေအထားမှာ ရှိနေတာကိုတွေ့ရှိခဲ့တယ်လို့ PCG နည်းပညာဆိုင်ရာရေငုပ်အဖွဲ့ကြီးကြပ်ရေးမှူး Commander Cheska Jamorol က အတည်ပြုထားပါတယ်။
အဲဒီ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ပျောက်ဆုံးနေသူတွေ ရှိ၊ မရှိနဲ့ ကျန်ရှိနိုင်တဲ့ ရုပ်အလောင်းတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။
























