Border News Agency
ဖလမ်း၊ ဖေဖော်ဝါရီ ၅ ။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နဲ့မြေပြန့်ဒေသတွေအပြင် မီဇိုရမ်ပြည်နယ်ထဲမှာခိုလှုံနေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ခြောက်ရာကျော်ကို အခြေခံစားနပ်ရိက္ခာနဲ့ မိုးကာတွေသွားရောက်လှူဒါန်းခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာန (Humanitarian Department) ကဖေဖော်ဝါရီ ၅ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီလိုလှူဒါန်းမှုဟာ အိမ်ထောင်စုနှစ်ရာနီးပါးက လူဦးရေခြောက်ရာကျော်အတွက် ဖြစ်တယ်လို့ CNO က ဆိုပါတယ်။
အဲဒီဖလမ်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းကစပြီး စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဖလမ်းမြို့နယ်အတွင်းက ဒေသခံပြည်သူနှစ်သောင်းကျော်ဟာ ဘေးလွတ်ရာတောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့ကစလို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကနေ အင်အားတထောင်ဝန်းကျင်သုံးပြီး ကလေး – နတ်ချောင်း – ချောင်းခွ – ဟားခါးလေး – ဝေဘူလ လမ်းကြောင်းအတိုင်း ဖလမ်းမြို့အထိ စစ်ကြောင်းထိုးလာခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး အခုဆိုရင် တိုက်ပွဲကာလသုံးလဝန်းကျင်အထိ ကြာမြင့်နေပြီလို့ ဆိုပါတယ်။












