Border News Agency
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၁၁။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့ မြို့နယ်တရားရုံးတို့ပူးပေါင်းပြီး ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အင်းတော်မြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ တရားရုံးကနေအပြီးသတ်စီရင်ချက်ချပြီးသား အမှုတွေက သက်သေခံပစ္စည်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါး ပမာဏတွေကတော့ ဘိန်းဖြူ ၁၇၄၁ ဂရမ်ကျော်၊ ဘိန်းမဲ ၁၉ ကီလိုဂရမ်ကျော်နဲ့ ရာမ (စိတ်ကြွဆေးပြား) ၁၇၁၃ ဂရမ်ကျော်တို့ ဖြစ်ပါတယ်။
ဒီမူးယစ်ဆေးဝါးဖျက်ဆီးတဲ့ အခမ်းအနားကို NUG အစိုးရ၊ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီးကိုယ်တိုင် တက်ရောက်စစ်ဆေးခဲ့တာပါ။
အဲဒီအပြင် ပြည်သူ့ရဲတပ်ဖွဲ့ ရဲချုပ်နဲ့အတူ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူတွေဖြစ်တဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊လုံခြုံရေးတပ်ဖွဲ့နဲ့ တရားရေးဌာနက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။










