Border News Agency
ဒါကာ၊ ဖေဖော်ဝါရီ ၁၂။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မဲရုံတွေမီးရှို့ဖျက်ဆီးခံရတာနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ကြားကပဲ ၁၃ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲနဲ့ လူထုဆန္ဒခံယူပွဲကိုဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မှာ စတင်ကျင်းပနေပါတယ်။
အိမ်စောင့်အစိုးရအကြီးအကဲ ပါမောက္ခမူဟာမက်ယူနွတ်စ်ကိုယ်တိုင် ဒီနေ့မနက် ၁၀ နာရီခွဲအချိန်မှာ ဒါကာမြို့ရှိ Gulshan Model ကျောင်းမဲရုံကိုသွားရောက်ပြီး မဲပေးခဲ့တာပါ။
ရွေးကောက်ပွဲမတိုင်ခင် ဖေဖော်ဝါရီလ ၁၀ ရက် ညဉ့်သန်းခေါင်ယံမှာတော့ နီထရာကိုနာခရိုင်ကမဲရုံအဖြစ် သတ်မှတ်ထားတဲ့ အစိုးရစာသင်ကျောင်း ၄ ကျောင်းကို အမည်မသိလူတစုက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဒီလဆန်းပိုင်းကစပြီး ဖြစ်ပွားခဲ့တဲ့ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးပြီး ၅၀၀ နီးပါး ဒဏ်ရာရရှိခဲ့သလို ပါတီအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပါတယ်။
ဒီနေ့ကျင်းပတဲ့ရွေးကောက်ပွဲမှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ မဲရုံပေါင်း ၂,၁၃၁ ရုံရှိတဲ့အနက် ၇၅ ရာခိုင်နှုန်းကျော်ကို အရေးကြီးတဲ့နေရာတွေအဖြစ်သတ်မှတ်ပြီး လုံခြုံရေးတင်းကျပ်ထားပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ အစိုးရပြုတ်ကျပြီးနောက် တက်လာတဲ့ယူနွတ်စ်အစိုးရလက်ထက်မှာ ဒီရွေးကောက်ပွဲဟာ နိုင်ငံရေးတင်းမာမှုတွေကြားက စိန်ခေါ်မှုများစွာနဲ့ စတင်နေတာဖြစ်ပါတယ်။


















