Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၁၂။
ထိုင်းနိုင်ငံ၊ ချောင်ဘူရီခရိုင်၊ မဲဆန္ဒနယ်အမှတ် ၁ မှာ မဲမသမာမှုသံသယတွေကြောင့် မဲပုံးတွေကိုဝန်းရံစောင့်ကြည့်နေတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်၊ ဒီနေ့မနက်ပိုင်းမှာ ဘာသာရေးအခမ်းအနားပြုလုပ်ပြီး ရွေးကောက်ပွဲကော်မရှင် (ECT) ရဲ့ အဆုံးအဖြတ်ကို စောင့်ဆိုင်းနေကြတယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
ချောင်ဘူရီမြို့နယ်ရှိ ကြက်တောင်ရိုက်ကွင်းမှာစုဝေးနေကြတဲ့ ဒေသခံတွေဟာ သံဃာတော်တွေကိုပင့်ဖိတ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူကာ အမျှပေးဝေမှုတွေ ပြုလုပ်ခဲ့ကြတာပါ။
ပြည်သူ့ကိုယ်စားလှယ်တဦးကတော့ အခုလိုကုသိုလ်ပြုရတာဟာ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သူတို့ရဲ့တာဝန်တွေကို တရားမျှတပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ကာ မဲတွေကိုပြန်လည်ရေတွက်ပေးဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိအချိန်ထိမဲပုံးတွေကိုနေ့ညမပြတ် ဝန်းရံစောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂ ရက်အတွင်းမှာတော့ သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒေသခံပြည်သူတွေကတော့ လူစုခွဲခြင်းမရှိဘဲ ရွေးကောက်ပွဲကော်မရှင်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စိတ်ရှည်လက်ရှည် ဆက်လက်စောင့်ဆိုင်းနေကြတယ်လို့ သိရပါတယ်။































