Border News Agency
မဲဆောက်၊ ဖေဖော်ဝါရီ ၁၄။
ထိုင်း – ကမ္ဘောဒီးယားနယ်စပ်၊ ဆာကေအိုခရိုင်မှာ တရားမဝင်လမ်းကနေခိုးဝင်လာတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက် အက်ဒမင် (Admin) ၁၂ ဦးကို ထိုင်းနိုင်ငံဘူရပါစစ်ကြောင်း (Burapa Force) က ဖမ်းဆီးရမိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဘူရပါစစ်ကြောင်းရဲ့လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ အရညပရာတက် အထူးစစ်ဆင်ရေးတပ်ဖွဲ့နဲ့ အမှတ် ၁၂ ခြေလျင်တပ်ရင်းတို့ နယ်စပ်တစ်လျှောက် ကင်းလှည့်နေစဉ်အတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီအရညပရာတက်မြို့နယ်၊ ကလောင်နမ်ဆိုင်ကျေးရွာအနီးက တောလမ်းအတိုင်းလူတစုခိုးဝင်လာတာကို တွေ့ရှိလို့စစ်ဆေးရာကနေ အမျိုးသမီး ၂ ဦး အပါအဝင် သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးနိုင်ခဲ့တာပါ။
အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား ၈ ဦး၊ ထိုင်းနိုင်ငံသား ၃ ဦးနဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ဦးတို့ ပါဝင်ပါတယ်။
အဲဒီနောက် သူတို့ရဲ့ခရီးဆောင်အိတ်တွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေမှာ အသုံးပြုတဲ့လက်ကိုင်ဖုန်း ၆၃ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာရှိတဲ့ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တွေမှာ အက်ဒမင်တွေအဖြစ် လုပ်ကိုင်ခဲ့သူတွေလို့ သိရပါတယ်။
သူတို့ဟာ နေရပ်ပြန်ဖို့အတွက် ထိုင်းနိုင်ငံဘက်ကိုတရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာဖြစ်ကြောင်း ဝန်ခံထားကြပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိသူ ၁၂ ဦးလုံးကို ဥပဒေအရထိရောက်စွာ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းကိုလွှဲပြောင်းပေးထားပြီး အမှုဖွင့်လှစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။














