Border News Agency
အန်တာနာနာရီဗို၊ ဖေဖော်ဝါရီ ၁၄။
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကျွန်းနိုင်ငံတခုဖြစ်တဲ့ မတ်ဒါဂတ်စကာ (Madagascar) မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း “Gezani” ဝင်ရောက်တိုက်ခတ်တာကြောင့် လူ ၃၅ ဦးထက်မနည်းသေဆုံးပြီး အိုးအိမ်နဲ့အခြေခံအဆောက်အအုံတွေ အများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မတ်ဒါဂတ်စကာရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ တိုအာမာစီနာ (Toamasina) မြို့အနီးကို တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ (၁၅၅ မိုင်) နှုန်းရှိတဲ့ လေပြင်းတွေနဲ့အတူ မုန်တိုင်းဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
မတ်ဒါဂတ်စကာ အမျိုးသားဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး (BNRGC) ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ သေဆုံးသူ ၃၅ ဦးအထိရှိလာပြီး လူ ၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ ၃၇၄ ဦးရှိနေပြီး၊ နေအိမ်ပျက်စီးသွားတဲ့ လူပေါင်း ၈,၈၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို အရေးပေါ်ရွှေ့ပြောင်းပေးထားရပါတယ်။
ဒီမုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေးတွေပြတ်တောက်နေပြီး မြို့အများစုမှာလျှပ်စစ်မီးနဲ့ သောက်သုံးရေစနစ်တွေ ခေတ္တရပ်ဆိုင်းသွားခဲ့ပါတယ်။
ဒေသခံအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေကတော့ ပြိုကျနေတဲ့အဆောက်အအုံတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်နေကြသလို ယာယီစခန်းတွေမှာလည်း စားနပ်ရိက္ခာတွေဖြန့်ဝေပေးနေပါတယ်။
မိုးလေဝသဌာနရဲ့ ခန့်မှန်းချက်အရ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်ရှိနေဦးမှာဖြစ်လို့ မြေနိမ့်ပိုင်းဒေသတွေမှာ ရေကြီးတာနဲ့မြေပြိုတဲ့အန္တရာယ်ကို သတိထားကြဖို့ထုတ်ပြန်ထားပါတယ်။
စီးပွားရေးအရလည်း မုန်တိုင်းဒဏ်သင့်ဒေသက ဗနီလာ (Vanilla) နဲ့ လေးညှင်းစိုက်ခင်းတွေ ပျက်စီးသွားတာကြောင့် အတော်လေးဆုံးရှုံးမှုဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ UNICEF နဲ့ ကြက်ခြေနီအဖွဲ့လို နိုင်ငံတကာအဖွဲ့အစည်းတွေက မုန်တိုင်းသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးအပ်ဖို့ ပြင်ဆင်နေကြပါတယ်။





















