ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပက်မြို့ရှိ ကျားဖြန့် (Scammer) လုပ်ငန်းခွင်မှ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာတဲ့တရုတ်နိုင်ငံသား ၁၆ ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဖုန်းအလုံးပေါင်း ၂၆၀ ကျော်နဲ့အတူ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ Royal Thai Army က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက် ညသန်းခေါင်ယံအချိန်က ဆာကဲအိုခရိုင်၊အရန်းယပရာထက်မြို့နယ်အတွင်း နယ်စပ်ကင်းလှည့်နေတဲ့ ဘူရဖာတပ်ဖွဲ့ (Burapha Force) နဲ့ ပူးပေါင်းအဖွဲ့ကစစ်ဆေးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသား ၁၅ ဦးနဲ့အမျိုးသမီး ၁ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်ကိုင်ဖုန်း ၂၆၆ လုံးနဲ့လက်တော့ပ်တလုံးကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
သူတို့ဟာ ပွိုင်ပက်ရှိ ကျားဖြန့်လုပ်ငန်းခွင်မှာ လုပ်ကိုင်နေသူတွေဖြစ်ပြီး အလုပ်ရှင်က အခြားနိုင်ငံတခုသို့ သွားရောက်လုပ်ကိုင်ဖို့စေခိုင်းတာကို မလိုလားဘဲ တရုတ်နိုင်ငံသို့သာပြန်လိုတာမို့ ထွက်ပြေးလာတာလို့ ဝန်ခံထားပါတယ်။
သူတို့အဖွဲ့ဟာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နိုင်ဖို့အတွက် ကမ္ဘောဒီးယားလူမျိုးလမ်းပြတဦးကို ဘတ် ၃,၅၀၀ စီ ပေးဆောင်ကာ တောလမ်းအတိုင်း ခိုးဝင်လာတာဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေအားလုံးကို စစ်ဆေးမေးမြန်းတာတွေပြုလုပ်ပြီးနောက် ထိုင်းဥပဒေအရ အရေးယူနိုင်ဖို့အတွက် ကလောင်နမ်ဆိုင် (Khlong Nam Sai) ရဲစခန်းသို့ လွှဲပြောင်းထားတယ်လို့သိရပါတယ်။











