Border News Agency
ဂျာမနီ၊ ဖေဖော်ဝါရီ ၁၅။
ဂျာမနီနိုင်ငံ၊ မြူးနစ်လုံခြုံရေးညီလာခံ (MSC) အပြင်ဘက်မှာ အီရန်အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ ၃ ရက်ကြာတဲ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ဆန္ဒပြသူ ၂ သိန်းခွဲခန့်ရှိတယ်လို့ ဂျာမန်ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။
ပြည်နှင်ဒဏ်ခံအီရန်မင်းသားဟောင်း ရေဇာပါဟယ်ဗီက ဒီလှုပ်ရှားမှုကို “ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့” အဖြစ် သတ်မှတ်ခဲ့ပြီး တခြားနိုင်ငံတကာမြို့ကြီးတွေမှာလည်း လူစုလူဝေးတွေပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။
အဲဒီဆန္ဒပြပွဲတွေအတွင်း အုပ်ချုပ်ရေးယန္တရားအပြောင်းအလဲကို တခဲနက်ကြွေးကြော်နေကြပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း အီရန်မှာအစိုးရအပြောင်းအလဲဖြစ်လာဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ အီရန်ပြည်သူ့လှုပ်ရှားမှုတွေအတွင်း အနည်းဆုံး ၇,၀၀၅ ဦးသေဆုံးပြီး ၅၃,၀၀၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ HRANA အဖွဲ့က ပြောဆိုထားပေမယ့် အီရန်အစိုးရဘက်ကတော့ သေဆုံးသူ ၃,၁၁၇ ဦးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
အီရန်အာဏာပိုင်တွေက အင်တာနက်နဲ့ဖုန်းလိုင်းတွေကို ဖြတ်တောက်ထားတဲ့အတွက် အချက်အလက်အတိအကျရဖို့ ခက်ခဲနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။
မင်းသား ပါဟယ်ဗီကတော့ သမ္မတထရမ့်အနေနဲ့ အီရန်ပြည်သူတွေကို ကူညီပေးဖို့နဲ့လက်ရှိအစိုးရကို အပြီးတိုင် အဆုံးသတ်ပေးဖို့ မြူးနစ်သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။























