Border News Agency
ဘင်္ဂလားဒေ့ရှ်၊ ဖေဖော်ဝါရီ ၁၇။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထွေထွေရွေးကောက်ပွဲအနိုင်ရထားတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ BNP ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ပါမောက္ခယူနွတ်စ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ကနေ နိုင်ငံ့အာဏာကို တရားဝင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
ယာယီအစိုးရအကြီးအကဲ ယူနွတ်စ်ဟာ မနေ့က ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားခဲ့ပြီး အာဏာရလာမယ့် BNP ပါတီနဲ့ လွှတ်တော်အမတ်တွေကို တရားမျှတပြီးဒီမိုကရေစီဆန်တဲ့ နိုင်ငံသစ်တခု တည်ဆောက်ကြဖို့လည်း မှာကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက်၊ ဒီနေ့မနက်ပိုင်းမှာတော့ ရွေးကောက်ခံလွှတ်တော်အမတ်တွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လွှတ်တော်အဆောက်အအုံရဲ့ တောင်ဘက်ပလာဇာမှာ ပြုလုပ်ခဲ့ကြပြီး ဒါဟာ ၂၀၂၄ ခုနှစ် ကျောင်းသားလူထုအုံကြွမှုအတွင်း သေဆုံးခဲ့သူတွေကိုဂုဏ်ပြုတဲ့အနေနဲ့ အခုလိုနေရာပြောင်းလဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
အခုအကြိမ် ၁၃ ကြိမ်မြောက် ရွေးကောက်ပွဲမှာတော့ လွှတ်တော်အမတ် ၂၉၇ ဦး ရွေးကောက်ခံခဲ့ရပြီး အဲဒီအထဲက ၂၀၉ ဦးဟာ BNP ပါတီကဖြစ်တာကြောင့် အစိုးရဖွဲ့စည်းခွင့်ကို ရရှိမှာဖြစ်သလိုပါတီဥက္ကဌ တာရစ်ရာမန်ကိုလည်း ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။
ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တာရစ်ရာမန်အပါအဝင် အမတ်အားလုံးကျိန်ဆိုပြီးသွားရင်တော့ လွှတ်တော်ဥက္ကဌကို ရွေးချယ်ပြီးလွှတ်တော်ကို တရားဝင်ဖွဲ့စည်းမှာဖြစ်သလို ဝန်ကြီးချုပ်သစ်ခန့်အပ်ရေးအတွက် သမ္မတဆီကိုဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတော်အကြီးအကဲဖြစ်တဲ့ သမ္မတကနေ ဝန်ကြီးချုပ်သစ်နဲ့ ဝန်ကြီးအဖွဲ့ဝင်တွေကို ခန့်အပ်ပြီးရင်တော့ ကျမ်းသစ္စာကျိန်ဆိုပွဲတွေဆက်လုပ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရသစ်ဟာ နိုင်ငံ့တာဝန်တွေကို တရားဝင်စတင်ထမ်းဆောင်သွားတော့မှာ ဖြစ်ပါတယ်။











