ထိုင်းနိုင်ငံ၊ အုထိုင်းထာနီခရိုင်မှာ အညစ်အကြေးစုပ်ကားအတွင်း ရောနှောဖုံးကွယ်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၈ သန်းကျော်ကို သက်ဆိုင်ရာအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းတွေအရသိရပါတယ်။
ဒီဖမ်းဆီးမှုကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဌာန (NSB) နဲ့ ဒေသခံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာလုပ်ဆောင်ခဲ့တာဖြစ်ကာ မနေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အသေးစိတ်ပြသခဲ့တာပါ။
မြောက်ပိုင်းနယ်စပ်ကနေ တောင်ပိုင်းကို အညစ်အကြေးစုပ်ကားနဲ့ မူးယစ်ဆေးသယ်လာမယ်ဆိုတဲ့ သတင်းအရ အလိုအလျောက်လိုင်စင်ဖတ်စနစ် (LPR) နဲ့ စောင့်ကြည့်ကာ ဘန်ရိုင်းမြို့နယ်မှာ တားဆီးစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီစစ်ဆေးမှုတွေအရ ကားနောက်ခန်းက အညစ်အကြေးစုပ်ကန်အတွင်း အနံ့အသက်ဆိုးတွေကြား ဝှက်ယူလာတဲ့ စိတ်ကြွဆေးပြား ၈၄ အိတ် (စုစုပေါင်း ၈.၄ သန်းနီးပါး) ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီ ဖမ်းဆီးရမိသူမှာ အသက် ၃၉ နှစ်အရွယ် နိုင်ဝုသီချိုင်း ဖြစ်ပြီး သူဟာ ဆေးပြားတွေကို ချင်းရိုင်ကနေ ထိုင်းတောင်ပိုင်းကို ပို့ဆောင်ပေးဖို့အတွက် သယ်ဆောင်ခ ဘတ် ၅ သိန်းနဲ့ လက်ခံခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာ အာဏာပိုင်တွေက တရားခံကို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနဲ့ အမှုဖွင့်ထားပြီး ကျန်ရှိနေတဲ့ ကွင်းဆက်တရားခံတွေကို ဆက်လက်စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။













