Border News Agency
ကမ္ဘောဒီးယား၊ ဖေဖော်ဝါရီ ၁၉။
ထိုင်း – ကမ္ဘောဒီးယား နယ်စပ်တလျှောက်ရှိ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်း သစ်တောတွေမှာ တောမီးလောင်ကျွမ်းမှုကြောင့် တောရိုင်းတိရစ္ဆာန်ရာနဲ့ချီ မီးထဲမှာပိတ်မိသေဆုံးနေတယ်လို့ Army Military Force က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီ တောမီးလောင်ကျွမ်းမှုဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဥဒ္ဒရမိန်ကျေ၊ ဗန်တေးမိန်ကျေနဲ့ ပရိဝိဟာပြည်နယ်ရှိ နယ်စပ်တလျှောက် သစ်တောတွေမှာဖြစ်ပွားနေတာပါ။
ဒီတောမီးလောင်မှုဟာ ကမ္ဘောဒီးယားစစ်သားတွေက နယ်စပ်ရှေ့တန်းရှိ ထိုင်းစစ်တပ်ရဲ့လှုပ်ရှားမှုတွေကို နှောင့်ယှက်ဖို့နဲ့ မြင်ကွင်းတွေပိတ်ဆို့ဖို့အတွက်ရည်ရွယ်ပြီး တောမီးရှို့မှုတွေလုပ်ဆောင်ခဲ့ရာကနေ စတင်ခဲ့တာလို့သိရပါတယ်။
ဖနွန်ကူလန် အမျိုးသားဥယျာဉ်မှ သစ်တောအရာရှိတဦးကတော့ တောမီးရှို့မှုကြောင့် စပါးကြီးမြွေကြီးတွေအပါအဝင် တောရိုင်းတိရစ္ဆာန်လေးတွေဟာ မီးဘေးကမလွတ်ဘဲ အလွန်သနားစရာကောင်းအောင် သေဆုံးနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တိရစ္ဆာန်တွေရဲ့အိုးအိမ်ဖြစ်တဲ့ သစ်တောတွေကိုမဖျက်ဆီးကြဖို့ကိုလည်း သူကဆက်လက်တောင်းဆိုထားပါတယ်။
ဒီတောမီးရှို့မှုကြောင့် သစ်တောအတွင်းရှိ တောရိုင်းတိရစ္ဆာန် အမျိုးအစားပေါင်းများစွာဟာ မီးဘေးလွတ်ရာကို မပြေးနိုင်ဘဲ မီးပုံအတွင်းပိတ်မိကာ အရှင်လတ်လတ် မီးလောင်ကျွမ်းသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။



















