Border News Agency
မုံရွာ၊ ဖေဖော်ဝါရီ ၂၂။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ခရီးသည်တင်ယာဉ်တစီးလမ်းမှားဝင်မိရာမှ စစ်ကော်မရှင်တပ်က တားဆီးစစ်ဆေးတာမရှိဘဲ ပစ်ခတ်ခဲ့တယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက ဖေဖော်ဝါရီလ ၂၂ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီလိုပစ်ခတ်ခဲ့တာကြောင့် ဆားလင်းကြီးရွာသား ယာဉ်မောင်းအမျိုးသားတဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီခရီးသည် ၄ ဦးနဲ့ ယာဉ်မောင်းအကူ ၆ ဦး လိုက်ပါလာတဲ့ ရွှေပီနောင်းယာဉ်ငယ်ကားအသင်းက ကားတစီးဟာ သမုန်းကုန်းလမ်းခွဲမှ ပေါက်ငယ်တောအတက်မှာလမ်းမှားကွေ့မိပြီး သာစည်ထောင်ရှေ့ကိုရောက်သွားချိန် စစ်ကော်မရှင်တပ်ကပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကော်မရှင်တပ်ဟာ ခရီးသည်တင်ကားမှန်းသိရှိချိန်မှာလည်း ကားမှန်တွေကို သေနတ်ဒင်တွေနဲ့ ဝိုင်းဝန်းထုရိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပုံမှန်သွားနေကြရွာခံတွေတောင် လမ်းမှားတတ်လို့ ခရီးသွားပြည်သူတွေအနေနဲ့ လမ်းချိုးလမ်းကွေ့တွေကို သတိထားသွားလာကြဖို့ ဒေသခံတဦးက တိုက်တွန်းပြောဆိုထားပါတယ်။











