Border News Agency
မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၂၃ ။
မက္ကဆီကိုနိုင်ငံရဲ့သြဇာအကြီးဆုံး မူးယစ်ဂိုဏ်းချုပ် အယ်လ်မန်ချို (El Mencho) ဟာ ဖေဖော်ဝါရီလ ၂၂ ရက်၊ မနေ့က စစ်တပ်ရဲ့စီးနင်းမှုအတွင်း အသတ်ခံလိုက်ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြပါတယ်။
အဲဒီလို အသတ်ခံရပြီးနာရီပိုင်းအတွင်းမှာတင် သူ့ရဲ့နောက်လိုက်တွေက ပြည်နယ်အတော်များများမှာ လက်စားချေတိုက်ခိုက်တာတွေ ပြုလုပ်နေကြတယ်လို့ သိရပါတယ်။
အဲဒီလက်နက်ကိုင်ဂိုဏ်းဝင်တွေဟာ အဝေးပြေးလမ်းမကြီးတွေကို ပိတ်ဆို့တာ၊ မော်တော်ကားတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီလို အကြမ်းဖက်မှုတွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေအကြား ထိတ်လန့်မှုတွေဖြစ်ပေါ်နေပြီး Air Canada၊ United Airlines နဲ့ Aeromexico အစရှိတဲ့ လေကြောင်းလိုင်းတွေဟာ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။
CJNG ဂိုဏ်းဝင်တဦးရဲ့အဆိုအရ အခုတိုက်ခိုက်မှုတွေဟာ ခေါင်းဆောင်အသတ်ခံရတာကိုမကျေနပ်လို့ အစိုးရကိုလက်စားချေတာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဂိုဏ်းချုပ်နေရာကိုလုယူဖို့အတွက် ဂိုဏ်းအတွင်းအုပ်စုအချင်းချင်းကြား သတ်ဖြတ်မှုတွေ ထပ်မံဖြစ်လာဦးမယ်လို့ သတိပေးထားပါတယ်။
























