Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၄။
ထိုင်း – လာအိုနယ်စပ်လဲယခရိုင်၊ ထားလီမြို့နယ်အတွင်းမှာ စိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ တရားခံတဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းတော်ဝင်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီနယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတွေ ခိုးယူသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ အမှတ် ၂၁၀၂ ခြေလျင်တပ်ရင်းက စောင့်ကြည့်စစ်ဆေးနေစဉ်မှာ ဆိုင်ကယ်နဲ့မသင်္ကာဖွယ်မောင်းနှင်လာတဲ့ အမျိုးသားတဦးကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒီမသင်္ကာဖွယ်အမျိုးသားဟာ စစ်ဆေးရေးအဖွဲ့ကိုမြင်တာနဲ့ သူသယ်လာတဲ့အထုပ်တွေကိုလွှင့်ပစ်ပြီး ဆိုင်ကယ်နဲ့ အရှိန်ပြင်းစွာ မောင်းပြေးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေက အဲဒီနောက်ကိုထပ်ကြပ်မကွာ လိုက်လံပိတ်ဆို့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီ လိုလိုက်လံရှာဖွေရာမှာတော့ တရားခံစွန့်ပစ်ခဲ့တဲ့ အထုပ်တွေထဲကနေစိတ်ကြွဆေးပြား ၁၁,၈၀၀ ပြားနဲ့အတူ အသုံးပြုခဲ့တဲ့ ဟွန်ဒါဝေ့ဖ် ဆိုင်ကယ်တစီးကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ သက်သေအထောက်အထားတွေအရ အသက် ၂၀ အရွယ်ရှိတဲ့တရားခံ အမျိုးသားကိုဖမ်းဆီးရမိထားပြီးဖြစ်ကာ မူးယစ်ဆေးဝါးဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ဖို့အတွက် ဖုန်းထောင်ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားတယ်လို့ သိရပါတယ်။












