မဲဆောက်မြို့မှာတရားမဝင်ဝင်ရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၄ ဦးကို ထိုင်းအာဏာပိုင်တွေက ဖေဖော်ဝါရီလ ၂၄ ရက်၊ မနေ့ကဖမ်းဆီးလိုက်တယ်လို့ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
အဲဒီ မဲဆောက်မြို့၊ မယ်ပအုပ်စုထဲကဆောက်လုပ်ရေးလုပ်ငန်းခွင်တခုကိုဖေဖော်ဝါရီဘ ၂၄ ရက်၊ နေ့လည် ၃ နာရီအချိန်ခန့်က တာ့ခ်ခရိုင် လဝကအဖွဲ့နဲ့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး ဝင်ရောက်စစ်ဆေးခဲ့တာပါ။
အဲဒီလုပ်ငန်းခွင်ဟာ ဝပ်စန်တီသမ်ဘုရားကျောင်းအနီးမှာ ရှိပြီး အိမ်နံပါတ်မရှိတဲ့ နေရာတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ဆေးတဲ့အခါမှာ မြန်မာနိုင်ငံသား ၄ ဦးဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် ခိုးဝင်လာတာဖြစ်သလို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) လည်း မရှိဘဲ အလုပ်လုပ်နေတာကို စစ်ဆေးတွေ့ရှိခဲ့တာလို့ဆိုပါတယ်။
အဲဒါကြောင့် သူတို့ကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံထဲဝင်ရောက်နေထိုင်မှု နဲ့ လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်မှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်လိုက်ပါတယ်။
အဲဒိီဖမ်းမိထားသူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် သူတို့ကို မဲဆောက်မြို့မရဲစခန်းကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်တွင်း အခြေအနေတွေကြောင့် အခုနောက်ပိုင်း ထိုင်းနိုင်ငံဘက်ကို နည်းမျိုးစုံနဲ့ ထွက်ခွာလာကြတဲ့ မြန်မာနိုင်ငံသားတွေဟာ အခုလို ဖမ်းဆီးစစ်ဆေးမှုတွေနဲ့ ခပ်စိပ်စိပ် ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။












