ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်အတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို လဝကနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့တွေက ရှာဖွေဖော်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အထောက်အထားမဲ့ တရုတ်နိုင်ငံသားတဦးနဲ့ ဗီဇာသက်တမ်းကျော်နေထိုင်သူ (Overstay) အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ တာ့ခ်ခရိုင် လဝကရဲတပ်ဖွဲ့ က ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီမဲဆောက်မြို့၊ သာ့ဆိုင်လော့ဒ်ကျေးရွာရှိ လဝကရုံးအနီးမှာ မနေ့ နေ့လည် ၂ နာရီအချိန်ခန့်က အသက် ၃၈ နှစ်အရွယ် တရုတ်နိုင်ငံသားတဦးကို နိုင်ငံကူးလက်မှတ်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ စတင်ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ညနေ ၆ နာရီခွဲအချိန်မှာတော့ တာ့ခ်ခရိုင်လဝကရုံးရှေ့မှာတင် ဗီဇာသက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း ၄၀၀ ဝန်းကျင်အထိ ကြာမြင့်စွာ ဆက်လက်နေထိုင်နေကြတဲ့ အသက် ၂၀ မှ ၂၇ နှစ်ကြားရှိ အင်ဒိုနီးရှားနိုင်ငံသား ၄ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးရမိသူ ၅ ဦးစလုံးကို ၂၀၂၂ ခုနှစ်၊ နှိပ်စက်ညှဉ်းပန်းမှုတိုက်ဖျက်ရေးအက်ဥပဒေ (P.R.B.) ပုဒ်မ ၂၂ နဲ့အညီ စနစ်တကျ မှတ်တမ်းတင် ဆောင်ရွက်ခဲ့ပြီးနောက် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် မဲဆောက်ရဲစခန်းကို လွှဲပြောင်းပေးအပ်လိုက်ပြီလို့ ဆိုပါတယ်။










