Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၂၆။
ထိုင်း – မြန်မာနယ်စပ် ကန်ချနပူရီခရိုင်အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကို တရားမဝင်ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ လွှင့်ထုတ်ပေးနေတဲ့ စက်ပစ္စည်းတွေကို အာဏာပိုင်တွေကဝင်ရောက်သိမ်းဆည်းလိုက်တယ်လို့ ထိုင်းဘုရင့်တပ်မတော်က ဖေဖော်ဝါရီလ ၂၆ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ထိုင်းစစ်တပ်စူရသီတပ်ဖွဲ့ နဲ့ ဆက်သွယ်ရေးကော်မရှင် (NBTC) တို့ ပူးပေါင်းပြီး စံခလဘူရီမြို့နယ်ထဲက ပုဂ္ဂလိကဖုန်းလိုင်းလွှင့်စင်တခုကို ဝင်ရောက်စစ်ဆေးခဲ့ရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာပါ။
အဲဒီဖုန်းလိုင်းလွှင့်စင်ဟာ ထိုင်းအစိုးရဆီက ခွင့်ပြုချက်လိုင်စင်မရှိဘဲ မြန်မာနိုင်ငံဘက်ခြမ်းကို တိုက်ရိုက်အချက်ပြလှိုင်းတွေ လွှင့်ထုတ်ပေးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲမှာ အင်တင်နာတိုင် ၄ တိုင်၊ ရေဒီယိုအချက်ပြထိန်းချုပ်စက် ၆ လုံးနဲ့ လစ်သီယမ်ဘက်ထရီတွေအပါအဝင် အရေးကြီးဆက်သွယ်ရေးပစ္စည်း အမြောက်အမြား ပါဝင်ပါတယ်။
အဲဒီ ဒီပစ္စည်းတွေကို သက်သေအဖြစ်သိမ်းဆည်းထားပြီး ပတ်သက်သူတွေကို အရေးယူဖို့ပြင်ဆင်နေသလို တရားမဝင် လွှင့်တင်ထားတဲ့ ဖုန်းတိုင်တွေကိုလည်း ဆက်လက်ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။










