Border News Agency
မန္တလေး၊ ဖေဖော်ဝါရီ ၂၈။
မန္တလေးတိုင်း၊ ပုဂံ – ညောင်ဦးနဲ့ ကျောက်ပန်းတောင်းလမ်းပိုင်းမှာရှိတဲ့ ဝါးခင်းကြီးချောင်းအနီးမှာ စစ်ကော်မရှင်တပ် ရဲ့ ကင်းလှည့်ကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဖေဖော်ဝါရီလ ၂၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ ညောင်ဦးအခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ခလရ ၄၁၅ တပ်ရင်းကထွက်လာတဲ့ကားကို တော်လှန်ရေးရဲဘော်တွေက ပြောက်ကျားစနစ်နဲ့ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအချိန် မိနစ် ၂၀ ခန့်ကြာအောင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်သား ၄ ဦး သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် သူတို့ဆီကနေ MA – 3 သေနတ် ၂ လက်၊ ကာဘိုင် ၂ လက်နဲ့ ကျည်ဆန်အများအပြားကိုလည်း တော်လှန်ရေးရဲဘော်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ဖွဲ့တွေကို ပခုက္ကူမြို့နယ် ပကဖ (Pakokku Special Task Force)၊ ညောင်ဦးအထူးတပ်ဖွဲ့နဲ့ မကွေးတိုင်း ပကဖ အမှတ် ၄ အထူးလှုပ်ရှားစစ်ကြောင်းတို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။











