Border News Agency
ပုလော၊ မတ် ၁။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖေဖော်ဝါရီလ ၂၈ရက်နေ့က ထုတ်ပြန်ပါတယ်။
ပုလောမြို့နယ်မှာ ဇန်နဝါရီလ ၁၆ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၁၈ဝ ခန့်ရှိ စစ်ကော်မရှင်တပ်ကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း(PDF)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၇နဲ့ မဟာမိတ်တပ်ပေါင်းစုဒရုန်းတပ်ဖွဲ့မှ တလကျော်ကြာခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာမှာ တိုက်ပွဲပေါင်း ၁ဝ ကြိမ်ထက်မနည်း တလကျော်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်ဘက်မှ ၁၀ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်မှ လက်နက်ကြီးတွေနဲ့ရမ်းသန်းပစ်ခတ်ခဲ့လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့တဲ့အပြင် ဒရုန်းတွေအသုံးပြုပြီး မီးလောင်ဗုံးတွေပစ်ချလို့ ရှပ်ပုံကျေးရွာရှိ နေအိမ် ၆ဝ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
PDFပူးတွဲစစ်ကြောင်းမှ အရှိန်အဟုန်မြှင့်ထိုးစစ်ဆင်ခဲ့လို့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ မနက် ၈နာရီအချိန်မှာ တန်းရှင်း ဘုန်းကြီးကျောင်း၊ ညနေ ၃နာရီအချိန်မှာ သင်္ကန်းတောစေတီကုန်းနဲ့ ဘုန်းကြီးကျောင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲကာလအတွင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းဘက်မှ ရဲဘော် ၇ ဦးနဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မှ ရဲဘော် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဖွဲ့ဝင် တဦးကိုအရှင်ဖမ်းမိခဲ့သလို တဦးမှာလက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာခဲ့ပြီး သူတို့နှစ်ဦးကို နိုင်ငံတကာစစ်သုံ့ပန်း ဥပဒေနဲ့အညီ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
စစ်ရေးအခြေအနေမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဘေးကင်းလုံခြုံရာမှာ ဆက်လက်နေထိုင်ပေးကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးသတိပေးချက်တွေကို တိကျစွာလိုက်နာပေးကြဖို့ကိုလည်း အသိပေးထားပါတယ်။








