Border News Agency
မင်းတုန်း၊ မတ် ၁။
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၂၁ ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနီးကို မတ်လ ၁ ရက်၊ ဒီနေ့မနက် ၁၁ နာရီ ၂၀ မိနစ်အချိန်ခန့်က စစ်ကော်မရှင်တပ်မှ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြောင်းကျေးရွာအနီး ကုန်ကားတွေစုပြုံရာနေရာကို တိုက်လေယာဉ်သုံးစီးနဲ့ ပေါင်နှစ်ရာ၊ပေါင်သုံးရာရှိ ဗုံးအလုံးပေါင်းဆယ်လုံးခန့်ကို ကြဲချတိုက်ခိုက်ခဲ့ပြီး ရော့ကက်(Rocket)တွေနဲ့ပါအဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးမှုတွေများပြားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်အထိ သေဆုံးသူ ၂၁ ဦးထက်မနည်းရှိနေပြီး ဆက်လက်ရှာဖွေနေဆဲဖြစ်လို့ အရေအတွက်တိုးလာနိုင်သလို ဒဏ်ရာရသူ ၁၅ ဦးရှိပြီး အချို့မှာစိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖောကား(Fuso) ၈ စီးနဲ့ အခြားကုန်ပစ္စည်းတွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဒေသခံတွေက ဝိုင်းဝန်းကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး အပျက်အစီးတွေကြားမှာပိတ်မိနေသူတွေရှိ၊ မရှိကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။









