Border News Agency
ထိုင်း၊ မတ် ၁၀။
ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်အတွင်းမှာ စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်းပြီး တောလမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၄၅ ဦးကို ထိုင်းစစ်တပ်နဲ့ နယ်မြေခံအာဏာပိုင်တွေက မတ်လ ၈ ရက်၊ ညပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီ ဆောင်ဂါလီယာကျေးရွာအနီးကို ည ၁၀ နာရီအချိန်မှာ တောလမ်းကနေ ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၂၅ ဦးကို ထိုင်းစစ်တပ်က ကင်းပုန်းဝပ် ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ည ၁၁ နာရီခွဲအချိန်မှာလည်း နမ်ကရစ်စစ်ဆေးရေးဂိတ်အနောက်ဘက် တောလမ်းကနေ ထပ်မံဝင်ရောက်လာတဲ့ မြန်မာလုပ်သား ၂၀ ကို ထပ်မံဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေဟာ ရန်ကုန်နဲ့ မော်လမြိုင်ဘက်ကနေ လာကြသူတွေဖြစ်ပြီး နခွန်ပထုံနဲ့ စမွတ်စာခွန်ခရိုင်တွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ပွဲစားခထိုင်းဘတ်ငွေ ၅,၀၀၀ ကနေ ၇,၀၀၀ အထိ ပေးဆောင်ခဲ့ရတယ်လို့ ဝန်ခံထွက်ဆိုထားပါတယ်။
အဲဒီ ဖမ်းဆီးရမိတဲ့ မြန်မာလုပ်သား ၄၅ ဦးလုံးကို ဥပဒေအရ အရေးယူနိုင်ဖို့အတွက် စံခလပူရီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။






















