Border News Agency
စစ်ကိုင်း၊ မတ် ၂၂။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဆူးလေကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေကို မတ်လ ၂၁ ရက်၊မနက်ပိုင်းမှာ စစ်ကော်မရှင်တပ်က တိုက်လေယာဉ် ၈ စီးနဲ့ တပြိုင်တည်းလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သံဃာတော်တချို့ ပျံလွန်တော်မူပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ တံတားဦး၊မိတ္ထီလာနဲ့ မကွေးလေတပ်စခန်းတွေက တက်လာတဲ့ တိုက်လေယာဉ်တွေ စုပေါင်းပြီး မွန်းလွဲ ၁၂ နာရီဝန်းကျင်မှာ နာရီဝက်ကျော်ကြာအောင် တရစပ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာရသူစာရင်း အတိအကျကို အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
အဲဒီဆူးလေကုန်းရွာအပါအဝင် ကနီနယ်ထဲမှာ ဘာတိုက်ပွဲမှ မရှိဘဲ စစ်ကော်မရှင်က ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။















