Border News Agency
ကျောက်ဖြူ၊ မတ် ၂၃။
ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းကို မတ်လ ၂၀ ရက်၊ နေ့လည်ပိုင်းမှာ စစ်ကော်မရှင်တပ်ကဒရုန်းနှစ်စီးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီကျောက်ပြောက်ကျေးရွာဘုန်းကြီးကျောင်းကို နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ်ရဲ့ဆူဆိုဒ်ဒရုန်းနှစ်စီးဟာ ဘုန်းကြီးကျောင်းပေါ်ကို ရွယ်ရည်ချက်ရှိရှိဗုံးသီးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်ခေါင်မိုးနဲ့ ဘုံပိတ်တွေပြိုကျပျက်စီးသွားတယ်လို့ဆိုပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ရွာကို မတ်လ ၁၈ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူတဦးသေဆုံးပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ပါသေးတယ်။
စစ်ကော်မရှင်တပ်ဟာ ကျောက်ဖြူအပါအဝင်အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြို့တွေကိုစစ်သင်္ဘောတွေက လက်နက်ကြီး၊ လေယာဉ်တွေနဲ့ဆက်တိုက်ပစ်ခတ်နေလို့ ပြည်သူတွေအတွက်အန္တရာယ်အမြင့်ဆုံးဖြစ်နေတယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
လူနေထူထပ်တဲ့ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်းနဲ့ သာသနိကအဆောက်အအုံတွေကို စစ်ကော်မရှင်တပ်ရည်ရွယ်ချက်ရှိရှိရေကြောင်း၊ လေကြောင်းကတိုက်ခိုက်မှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့်ပင်လယ်ကမ်းနီးမြို့၊ ရွာတွေကမိဘပြည်သူတွေဟာ စစ်ကော်မရှင်တပ်ရေကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို အထူးသတိထားကြပြီး စစ်ရေးသတိရှိဖို့အသိပေးထားပါတယ်။









