Border News Agency
ဘေရွတ်၊ ဧပြီ ၉ ။
အီရန်နဲ့ နှစ်ပတ်ကြာအပစ်ရပ်စဲထားပေမဲ့ အစ္စရေးကလက်ဘနွန်ကို အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ဧပြီ ၈ ရက်နေ့မှာပဲ လက်ဘနွန်ပြည်သူ ၂၅၀ ဦး သေဆုံးခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
အစ္စရေးရဲ့ အခုလိုဗုံးကြဲမှုတွေဟာ အရပ်သားတွေအများဆုံးရှိတဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာကြောင့် မြို့တော်ဘေရွတ်ကို တုန်လှုပ်စေခဲ့တဲ့အပြင်းအထန်တိုက်ခိုက်မှု ငါးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးရဲ့ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသတွင်းအပစ်အခတ်ရပ်စဲရေးကြိုးပမ်းမှုတွေအပေါ် မေးခွန်းထုတ်စရာတွေပေါ်ပေါက်လာပြီလို့ အီရန်သမ္မတက ဝေဖန်ပြောကြားလိုက်ပါတယ်။
အစ္စရေးကလက်ဘနွန်ကို ဗုံးကြဲတိုက်ခိုက်မှုတွေစတင်ခဲ့တဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ ကလေးငယ် ၁၃၀ အပါအဝင် အနည်းဆုံး လူပေါင်း ၁,၅၃၀ သေဆုံးခဲ့ပြီးပြီလို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
လက်ရှိမှာတိုက်ခိုက်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ ဒဏ်ရာရရှိထားသလို အခြေအနေတွေဟာပိုမိုတင်းမာလာနေတာကြောင့် ဒေသတွင်းငြိမ်းချမ်းရေးအတွက် စိုးရိမ်မှုတွေမြင့်တက်နေပါတယ်။

















