Border News Agency
ဟနွိုင်း၊ နိုဝင်ဘာ ၂၉။
ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့ကို ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ထိုင်းနိုင်ငံဝန်ကြီးချုပ် အနုထင် ချာဝီရကွန်တို့ဟာ နိုဝင်ဘာလ ၂၉ ရက်၊ ဒီနေ့မနက်က တွေ့ဆုံခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ (၁၁) ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ထိပ်သီးအစည်းအဝေးနဲ့ (၁၂) ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု (CLMV) ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်ဖို့ ဟနွိုင်းမြို့ကိုရောက်ရှိနေတာ ဖြစ်ပါတယ်။
အဲဒီတွေ့ဆုံပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့အတူ စစ်တပ်လက်အောက်ခံ ဝန်ကြီးတွေ၊ ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြသလို ထိုင်းနိုင်ငံဘက်ကလည်း ဝန်ကြီးချုပ် အနုထင် ချာဝီရကွန်နဲ့အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ပြည်ပခရီးစဉ် ထွက်ခွာနေချိန်မှာပဲ ပြည်တွင်းမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ဆက်တိုက်သေဆုံးနေတာဖြစ်ပါတယ်။











