အင်တာဗျူး
Border News Agency
မြောက်ဦး၊စက်တင်ဘာ ၄။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက ဒီလပ်တပ်ဖွဲ့ဝင်ခုနှစ်ဦးအပါအဝင် မူးယစ်ဆေးဝါးသုံးစွဲမှုရောင်းဝယ်ဖောက်ကားမှုတွေနဲ့အမျိုးသား၊အမျိုးသမီးခုနှစ်ဆယ်ခုနှစ်ဦးကို ဇူလိုင်လက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဖမ်းဆီးခဲ့ပါတယ်။
အဲဒီအထဲကကျောင်းသားလူငယ်တဆယ့်ကိုးဦးကို သြဂုတ်လ ၁၁ ရက်နေ့မှာ မိသားစုတွေဆီ တရားဝင်ပြန်အပ်ပေးခဲ့သလို နောက်ထပ်ပြန်လွှတ်ပေးတာတွေလည်းရှိပါတယ်။
ဒါပေမယ့်ကျန်တဆယ့်ခုနှစ်ဦးကိုတော့ပြန်မလွှတ်ပေးသေးသလို မိသားစုဝင်တွေအဆက်အသွယ်မရကြတာမို့ စက်တင်ဘာလ ၃ ရက်၊ မနေ့က မိသားစုဝင်တွေ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ကြပါတယ်။
အဲဒီအထဲကမိသားစုဝင်တဦးရှင်းပြတာကို Border News Agency ကို ဖော်ပြလိုက်ပါတယ်။
“တွေ့လည်းတွေ့ချင်ပါတယ်။ လွတ်လည်း လွတ်စေချင်ပါတယ်။ တရားမျှတမှုကိုလည်းလိုချင်ပါတယ်။ တခြားသူတွေနဲ့တန်တူအခွင့်အရေးကိုရချင်ပါတယ်။ အားလုံးက ခုနှစ်ဆယ်ကျော်ဖမ်းသွားတာပါ။ ခုနှစ်ဆယ်ကျော်ဖမ်းသွားတဲ့အထဲမှာ ဒီလပ်ကရှစ်ယောက်လွတ်ပေးထားပါပြီ။ နောက်ပြီး ကျောင်းသားနဲ့သက်ငယ်တဆယ့်ကိုးယောက်လွတ်ပါတယ်။ လက်ဝယ်တွေ့ရှိမှုနဲ့ ကျန်နှစ်ဆယ့်လေးယောက်ကိုလည်းလွတ်ပေးပါတယ်။”
“နောက်ထပ်ကျန်တဲ့ ဆယ့်ခုနှစ်ယောက်ကို အစအနအားလုံးဖျောက်ထားပါတယ်။ တွေ့လည်းမတွေ့ရပါဘူး။ အဆက်အသွယ်လည်းမရပါဘူး။ အစည်းအဝေးတခုမှာ WYနဲ့ပတ်သက်ပြီး အားလုံးကိုလွတ်ပေးမယ်လို့ ပြောသွားတာတွေလည်းရှိပါတယ်။ အဲဒီလိုပြောသွားတာကြောင့် ကျမတို့က လွတ်လာမယ်လို့ ထင်ထားခဲ့တာပါ။ နောက်ဆုံးမှာ ဒီတဆယ့်ခုနှစ်ယောက်က လုံးဝမလွတ်ပဲပျောက်သွားပါတယ်။”
“ဒါကြောင့် ကျမတို့ကအလွန်စိတ်ပူပင်နေကြရပါတယ်။ ကလေးတွေကို ဘယ်နေရာတွေမှာထားမှန်းလည်းမသိပါဘူး။ သတင်းစစ်ဆေးချက်အရဆိုရင် သင်တန်းကျောင်းကိုပို့လိုက်ပြီလို့ ကျမတို့ကသတင်းရရှိထားပါတယ်။”
“ကလေးတွေက မဝင်ချင်ပေမယ့် အတင်းအဓမ္မသွင်းလိုက်တယ်လို့ကြားရပါတယ်။”
“ကြံစရာမရတော့တာကြောင့် ကျမတို့က မြို့နယ်ပါတီရုံးကိုသွားပြီး အကြံတောင်းပါတယ်။ သူတို့ဆီ အသနားခံစာသွားတင်ပါတယ်။ သွားတင်ထားတဲ့ အသနားခံစာကို ပါတီရုံးက မတင်လိုက်ရဘူးလို့ပြောပါတယ်။”
“ဒီကလေးတွေကို ကျမတို့က လွတ်စေချင်ပါတယ်။ သူတို့ဆီက လက်ဝယ်တွေ့ရှိတာမဟုတ်ပါဘူး။ဒီတိုင်းဖမ်းသွားတာပါ။ တချို့ကလေးတွေဆိုရင် အိမ်တိုင်လာရောက်ခဏစစ်ဆေးမယ်ဆိုပြီး ခေါ်သွားတာတွေလည်းရှိပါတယ်။ လမ်းကနေ ဖမ်းသွားတာတွေလည်းရှိပါတယ်။သူတို့ဘက်က ကားတစီးနဲ့ပတ်ပြီးခေါ်တာပါ။”
“အစည်းအဝေးတခုမှာ အားလုံးကိုလွတ်ပေးမယ်လို့ ပြောသွားတာတွေလည်းရှိပါတယ်။ ခေါ်သွားတဲ့အခါ ထောက်လမ်းရေးအဖွဲ့ကလည်းပါတယ်။ ဒီလပ်အဖွဲ့ကလည်းပါတယ်။ ရပ်ကွက်ကအုပ်ချုပ်ရေးမှုလည်းပါပါတယ်။”
“တာဝန်ရှိသူတွေကိုပြောချင်တာက ကျမတို့ကလေးတွေကိုသက်ညှာမှုနဲ့ပြန်လွတ်ပေးစေချင်ပါတယ်။ လူကြီးတွေကိုအသနားခံပြီး ကျမတို့ရဲ့သားသမီးတွေကိုပြန်လွတ်ပေးစေကြောင်းတင်ပြစေချင်ပါတယ်။”
“လွတ်သွားတဲ့ကလေးတွေလိုမျိုးတန်း တူတန်းမျှ ကျမတို့ရဲ့သားသမီးတွေကို ပြန်လွတ်စေချင်တဲ့ဆန္ဒတခုပါပဲ။အသနားခံစာသွားတင်ထားတာရှိပါတယ်။”
“အဲဒီစာကို ပါတီရုံးကမတင်လိုက်ရပါဘူးလို့ပြောပါတယ်။ သူတို့ဘက် သတင်းပြန်လာတယ်လို့ပြောပြီး ကလေးတွေကိုချွေးထွက်အပြစ်ဒဏ်တခုပေးပြီး ပြန်လွတ်ပေးမယ်လို့ပြောပါတယ်။ ပြစ်ဒ ဏ်ပေးပြီးနောက်မှ ကျန်ကလေးတွေကလွတ်လာပြီး ကျမတို့ရဲ့ သားသမီးတွေက ခုအချိန်ထိပြန်မလွတ်လာသေးတာကြောင့် သတင်းကြားအရဆို သင်တန်းကျောင်းကိုရောက်သွားပြီလို့ ကြားထားပါတယ်။”
“ကျမတို့ဆီကကလေးတွေက မဝင်ဘူးလို့ပြောပေမယ့် သူတို့ဘက်ဘယ်လိုသဘောမျိုးနဲ့ခေါ်သွားလည်းဆိုတာမသိပါဘူး။”
“မိန်းကလေးက မပါပါဘူး။ အားလုံးကတဆယ့်ခုနှစ်ယောက်ပါ။ မိန်းကလေးတွေက အကုန်လွတ်လာပါပြီ။ ဖမ်းသွားတဲ့အထဲ အသက်နှစ်ဆယ့်တစ်က အငယ်ဆုံးပါ။သုံးဆယ့်ကိုးက အကြီးဆုံးပါ။”







