Border News Agency
နေပြည်တော်၊ အောက်တိုဘာ ၁၇။
စစ်ကော်မရှင်တပ်မှာ စစ်မှုထမ်းသင်တန်းကျောင်းတွေ ထပ်တိုးဖွင့်လေ့ကျင့်ပေးနေတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့က အောက်တိုဘာ ၁၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးစုဆောင်းထားတဲ့လူငယ်တွေကို လက်ခံလေ့ကျင့်ပေးနေတဲ့ စစ်သင်တန်းကျောင်း ၂၇ ခုထိရှိလာပြီလို့ ဆိုပါတယ်။
စစ်မှုထမ်းတပ်သားတွေ တိုးမြှင့်စုဆောင်းရရှိမှုအပေါ် မူတည်ပြီး စစ်ကော်မရှင်တပ်ဟာ အရန်သင်တန်းကျောင်းတွေအဖြစ် ခြေလျင်အကူလက်နက်ကြီး သင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ(တကအ)၊ အမှတ် (၅၇)ရေတပ်လေ့ကျင့်ရေးတပ်မှာ ထပ်တိုးဖွင့်လေ့ကျင့်ပေးနေတာလို့ ဆိုပါတယ်။
အဲဒီစစ်အခြေခံ လေ့ကျင့်ရေးတပ်(စခ တ)ကိုးတပ်၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက)ဆယ့်တတပ်၊ အရာခံနဲ့အကြပ်ကြီးသင်ကျောင်း(ရ ကသ)နှစ်တပ်၊ တပ်မတော်ကွန်ပျူတာနဲ့ နည်းပညာသိပ္ပံ(တကန)၊ ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ခြေလျင်အကူလက်နက်ကြီးသင်ကျောင်း(ခအက)၊ တပ်မတော်ကိုယ်ခံပညာနဲ့ အားကစားသိပ္ပံ(တကအ)၊ အမှတ်၅၇ရေတပ်လေ့ကျင့်ရေးတပ်မှာ စစ်မှုထမ်းအပတ်စဥ် ၁၇ ထိ လက်ခံလေ့ကျင့်သင်တန်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်စိုးမိုးထိန်းချုပ်မှု အားကောင်းတဲ့ရှမ်းပြည်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းမှ စစ်သင်တန်းကျောင်းတဆယ့်ငါးကျောင်းမှာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပတ်စဉ်အများစုကို လက်ခံလေ့ကျင့်ပေးနေတဲ့ ပင်မသင်တန်းကျောင်းနေရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီစစ်အခြေခံ လေ့ကျင့်ရေးတပ်တွေဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းအပြင်၊ အခြေခံတပ်သားသစ်သင်တန်းတွေကိုလည်း လက်ခံဖွင့်လေ့ကျင့်ပေးနေတယ် လို့ ဆိုပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ သပိတ်ကျင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်(စခတ)၂၊ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တတက) ၁၃၊ ရွှေဘိုအခြေစိုက်စစ် အခြေခံလေ့ကျင့်ရေးတပ် ၈၊ ကလေးတပ်နယ်တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း(တတက)ကတော့ ရပ်နားထားရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာလ ၁၀ ရက်နေ့ထိ စစ်မှုထမ်းအပတ်စဉ် ၁၅ကို လေ့ကျင့်သင်တန်းဆင်းပေးထားပြီး အပတ်စဉ် ၁၈ ကို မကြာခင်ဖွင့်နိုင်ဖို့
ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းတပ်သားတွေ လစဉ်သတ်မှတ်အရေအတွက် ကျော်လွန်ရရှိအောင် စစ်ကော်မရှင်တပ်က နည်းလမ်းမျိုးစုံနဲ့ ဖမ်းဆီးစုဆောင်းနေသလို အရှိန်အဟုန်မပြတ် လေ့ကျင့်သင်တန်းပေးနိုင်အောင်လည်း စစ်သင်တန်းကျောင်းတွေ ထပ်တိုးပြင်ဆင်ဖွင့်လာတာလို့ ဆိုပါတယ်။






