Border News Agency
ဘန်ကောက်၊ဇွန် ၂၇။
ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့နဲ့အနီးတဝိုက်မှာဇွန်လ ၂၆ ရက်၊မနေ့ညနေပိုင်းကမိုးသက်မုန်တိုင်းပြင်းထန်စွာတိုက်ခတ်ခဲ့လို့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သားတဦး သေဆုံးခဲ့ပါတယ်။
အဲဒီဘန်ကောက်မြို့၊လတ်ကရဘန်းခရိုင် မှာ ညနေ ၅ နာရီခွဲဝန်းကျင်က လေဆင်နှာမောင်းတိုက်ခတ်လို့ ဓာတ်တိုင် ၄၀ ကျော် လဲကျကာ လမ်းပိတ်ဆို့ခဲ့ပြီး အိမ်ခြေရာနဲ့ချီ မီးပြတ်တောက်ခဲ့ပါတယ်။
အဲဒီ အပြင် နေအိမ်ခေါင်မိုးတွေလွင့်စင်ပြီး ကား ၃၀ ခန့် ပျက်စီးခဲ့ကာ လူ ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရတ်ဘူရနခရိုင်မှာလည်း ညနေ ၅ နာရီအချိန်ခန့်ကလေပြင်းကြောင့် ကြော်ငြာဆိုင်းဘုတ်ကြီး ပြိုကျပြီး ကား ၉ စီးနဲ့ ဓာတ်တိုင် ၂ တိုင် ပျက်စီးခဲ့ပေမယ့် လူထိခိုက်မှု မရှိခဲ့ပါဘူး။
အဲဒီအပြင် စမွတ်ပရာကန်ပြည်နယ်၊ဘန်ဆောသွန်ခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာလည်း ညနေ ၅ နာရီခွဲခန့်က ဒုတိယထပ်မှာ ကြမ်းပြင်တိုက်ချွတ်နေတဲ့ အသက် ၄၀ အရွယ် မြန်မာလုပ်သား ကိုစိုးမင်းဟာ လေပြင်းတိုက်ခတ်လို့ ဟန်ချက်ပျက်ပြီး ပြုတ်ကျကာ နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်။
















