Border News Agency
အီရန်၊ဇွန် ၂၆။
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ဟော်မုဇ်ရေလက်ကြားအတွင်း ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာတာမျိုးကို လက်ခံမှာမဟုတ်ဘဲ စည်းကမ်းမလိုက်နာတဲ့ သင်္ဘောတွေကို ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ ဇွန်လ ၂၅ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန်နဲ့ အီရန်တို့ကြား ရက်ပေါင်း ၁၀၀ ကျော်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း အီရန်ဘက်က ပိတ်ဆို့ထားခဲ့တဲ့ ဒီရေလက်ကြားကြီးဟာ ကမ္ဘာ့အင်ဂျင်နီယာသုံး စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက် အလွန်အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်ပြီး လက်ရှိ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း ဒီရေလက်ကြားအရေးဟာ အဓိက အငြင်းပွားဖွယ် အကျပ်အတည်း ဖြစ်နေတာပါ။
အီရန်ဘက်ကတော့ နောင်ပွင့်မယ့် ရေကြောင်းခရီးစဉ်တွေမှာ ရေကြောင်းဝန်ဆောင်ခ ကောက်ခံဖို့ ပြင်ဆင်နေပြီး အမေရိကန်ဘက်ကတော့ ဒါဟာအပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ဖြစ်လို့ ဘာကြေးမှ မကောက်ခံသင့်ဘူးလို့ တုံ့ပြန်ထားပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံက ကြေညာထားတဲ့ လမ်းကြောင်းတခုတည်းသာ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းဖို့ တရားဝင်ခွင့်ပြုထားတဲ့ လမ်းကြောင်းဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းတာဟာ အလွန်အန္တရာယ်များတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီအပြင် ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO) နဲ့ အိုမန်နိုင်ငံတို့ ပူးပေါင်းပြီး အီရန်ရဲ့ ထိန်းချုပ်မှုပြင်ပကနေ ဖြတ်သန်းနိုင်မယ့် ရေကြောင်းလမ်းသစ်တခု သတ်မှတ်ပေးခဲ့တာကိုလည်း အီရန်ဘက်က မကျေမနပ် ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့အပတ်က တဟီရန်နဲ့ ဝါရှင်တန်တို့ကြား လက်မှတ်ရေးထိုးခဲ့တဲ့ ယာယီအပစ်အခတ်ရပ်စဲရေး နားလည်မှုစာချွန်လွှာအရ လာမယ့် ရက်ပေါင်း ၆၀ အတွင်း ကုန်သွယ်ရေးသင်္ဘောတွေ အခမဲ့ဖြတ်သန်းခွင့်ပြုထားပေမယ့်၊ အဲဒီနောက်ပိုင်း ဘာဆက်ဖြစ်မလဲဆိုတာ မရေမရာ ဖြစ်နေဆဲပါ။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ ဘာရိန်းနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မည်သည့်နိုင်ငံကမှ အပြည်ပြည်ဆိုင်ရာ ရေလမ်းကြောင်းတွေအတွက် အခကြေးငွေကောက်ခံပိုင်ခွင့် မရှိကြောင်းနဲ့ အမေရိကန်အနေနဲ့ ဒီလိုတောင်းဆိုမှုမျိုးကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောကြားထားပါတယ်။










