Border News Agency
ဂွ၊ သြဂုတ် ၁၄။
ဂွမြို့နယ်၊ကျိန္တလီမြို့၊အမှတ် ၁ ရပ်ကွက်ကို ဩဂုတ်လ ၁၃ ရက်၊ည ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်မိုးရွှေ၊အသက်ခုနှစ်နှစ်အရွယ် မောင်နေလင်းသန့်နဲ့ အသက်ဆယ့်နှစ်နှစ်အရွယ် မောင်ဉာဏ်လင်းသန့်အပါအဝင်ရှစ်ဦးမှာ နေအိမ်ပေါ်မှာပင် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူတွေရဲ့ နေအိမ်ငါးလုံးနဲ့ သုံးဘီးဆိုင်ကယ်တစီးပျက်စီးသွားခဲ့ပြီး အခြားထိခိုက်ပျက်စီးမှုရှိမရှိကိုလည်း ထပ်စုံစမ်းနေတယ်လို့ဆိုပါတယ်။
နောက်ပြီး ဂွမြို့နယ်၊ကိုင်းခုံကျေးရွာကိုလည်း မနေ့ကည ၁၁ နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ခုရက်ပိုင်းအတွင်း ဂွမြို့နယ်၊သံတွဲမြို့နယ်ကို လေကြောင်းတိုက်ခိုက်တာတွေပိုလုပ်လာတာကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းအန္တရာယ်ကိုသတိထားကြဖို့ အာရက္ခတပ်တော်က ထပ်ပြီးအသိပေးထားပါတယ်။























