Border News Agency
စစ်တွေ၊ စက်တင်ဘာ ၂၉။
အာရက္ခဒေသအတွင်းအနည်းဆုံး စစ်မျက်နှာပြင်ခုနှစ်ခုမှာ အာဏာသိမ်းစစ်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်က ထိခိုက်သေဆုံးမှုအများအပြားနဲ့စစ်ရှုံးနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က စက်တင်ဘာလ ၂၈ ရက်နေ့ကထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာလ ၄ ရက်နေ့က စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်စပ်အပါအဝင် နေရာလေးခုထက်မနည်းကနေ အာဏာသိမ်းစစ်တပ်က အင်အားသုံးပြီးထိုးစစ်ဆင်လာခဲ့ပေမယ့် တပ်လန်ကာထိခိုက်အကျအဆုံးအပြင်းအထန်နဲ့ ပြန်လည်ဆုတ်ခွာခဲ့ရတာပါ။
စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ် ကွမ်းတောင်နဲ့ အမြင့်ကျွန်းကျေးရွာကြား၊မင်းချောင်းတံတားအနီး တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက်တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၅၂) မှတပ်သား အောင်ပြည့်စုံ၊ တပ်သား ရန်ငြိမ်းအောင်ကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ အာရက္ခတပ်တော်ကဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအပြင် စက်တင်ဘာလ ၂ဝ ရက်နေ့မှာလည်း ခလရ (၂၅၇)မှ တပ်သားမိုင်ကယ်တို့ အပါအဝင် စစ်သုံ့ပန်းတွေကို အာရက္ခတပ်တော်က လက်ရဖမ်းဆီးရမိခဲ့သလို ရန်သူ့အလောင်းတွေ၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
မြေပြင်ထိုးစစ်တွေပျက်စီးသွားခဲ့ပြီး အထိနာအကျအဆုံး အတော်များခဲ့တဲ့အာဏာသိမ်းစစ်တပ်ဟာ စစ်မျက်နှာအသစ်တွေမှာလည်း ထပ်မံစစ်ရှုံးတဲ့အခြေအနေသို့ ရောက်ရှိနေပြီဖြစ်လို့ဆိုပါတယ်။
စစ်မြေပြင်မှာ အဘက်ဘက်က အရေးနိမ့်စစ်ရှုံးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ရေးနဲ့ မသက်ဆိုင်တဲ့အရပ်သား ပြည်သူတွေနဲ့ လူနေအဆောက်အအုံတွေကိုပစ်မှတ်ထားပြီး လေကြောင်းကနေ ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေကို ပိုမိုလုပ်ဆောင်လာနေတာပါ။
အဲဒီလို တပ်လန်ကာစစ်ရှုံးနေတဲ့ စစ်တပ်ရဲ့ယုတ်မာတဲ့စိတ်ဓာတ်ကြောင့် ကျောက်တော်မြို့နယ်မှာပြည်သူ ၄၉ ဦးသေဆုံးကာ ၆၀ နီးပါး ဒဏ်ရာရခဲ့သလို မြောက်ဦးမြို့နယ်၊ ဆားရိုးပြင်မှာလည်း ပြည်သူ ၂၃ ဦး သေဆုံးပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့ရပါတယ်။
စစ်ရာဇဝတ်မှုမြောက်တဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး ပါဝင်ပတ်သက်သူတွေနဲ့ အမိန့်ပေးသူတွေ အားလုံးကိုအချိန်အတွင်း ထိုက်တန်စွာလက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။









