Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂၉။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့ကို စက်တင်ဘာလ ၂၈ ရက်နေ့က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄၉ ဦး သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်အပေါ် အာဆီယံလူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြင်းထန်စွာရှုတ်ချပြီး အဓိကတာဝန်ရှိသူတွေကို ထိရောက်စွာအရေးယူတာဝန်ခံခိုင်းသွားမယ်လို့ဆိုပါတယ်။
ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးဒဏ်ရာရသူတွေထဲမှာ ဈေးသည်တွေ၊ ဈေးဝယ်သူတွေနဲ့ လမ်းသွားလမ်းလာပြည်သူတွေပါဝင်နေတယ်လို့ APHR က ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မြေပြင်မှာ နယ်မြေမထိန်းချုပ်နိုင်တော့တာကြောင့် နိုင်ငံတဝှမ်းကလူနေထူထပ်တဲ့နေရာတွေကို လေကြောင်းနဲ့ ဒရုန်းတွေသုံးပြီး အားကိုးတိုက်ခိုက်နေတာဖြစ်လို့ မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကျူးလွန်နေတဲ့လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုတွေကို ချက်ချင်းရပ်တန့်ခိုင်းပြီး တာဝန်ခံမှုရှိလာအောင်လုပ်ဆောင်ရမယ်လို့ APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ထောက်ပြထားတာပါ။
အဲဒီအပြင် အာဆီယံနဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေသရွေ့ လာမယ့်နိုဝင်ဘာလ မနီလာမှာကျင်းပမယ့် (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းစစ်တပ်ရဲ့ နိုင်ငံရေး ကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်ပြုမှာမဟုတ်ဘူးလို့ဆိုပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့လည်း စစ်တပ်ဆီလက်နက်၊ လေယာဉ်ဆီနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ ထောက်ပံ့ပေးနေမှုကို ချက်ချင်းရပ်တန့်ပြီး ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေပြုလုပ်ပေးဖို့နဲ့ နိုင်ငံတကာတရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို ကူညီထောက်ပံ့ပေးဖို့ သတိပေးထားတာပါ။
ကုလသမဂ္ဂအချက်အလက်တွေအရ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာ အရပ်သား ၆၄၁ ဦး သေဆုံးခဲ့ရာမှ ၂၀၂၅ ခုနှစ်မှာ ၉၈၂ ဦးထိ တိုးမြင့်သေဆုံးခဲ့ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် အာရက္ခဒေသမှာတင် နေရပ်စွန့်ခွာပြေးလွှားနေရသူ ပြည်သူ ၅ သိန်းနီးပါးရှိနေပြီလို့ဆိုပါတယ်။










