Border News Agency
ကျောက်တော်၊စက်တင်ဘာ ၂၈။
ကျောက်တော်မြို့ရှိအိန္ဒိယဈေးနဲ့ ဂစ္ဆပနဒီတံတားအနီးသို့ စက်တင်ဘာလ ၂၈ ရက်၊ဒီနေ့ နေ့လည် ၁၂ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ဈေးသည်တွေ၊စီးနင်းသွားလာနေသူတွေနဲ့ အပြစ်မဲ့အရပ်သားပြည်သူသုံးဆယ်နီးပါးသေဆုံးခဲ့ရပြီး ရုပ်အလောင်းတွေပြန့်ကျဲကျန်ရစ်ခဲ့တာပါ။
အဲဒီအပြင် ဒဏ်ရာရသူတွေအများအပြားရှိနေတာမို့ သေဆုံးသူအရေအတွက်ထပ်တိုးလာနိုင်ပါတယ်။
အဲဒီဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကိုကူညီရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ပေးနေပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကို BNA က ဆက်လက်ဖော်ပြပေးသွားပါမယ်။
အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့မနက်ပိုင်းကစပြီး ကျောက်တော်နဲ့သံတွဲမြို့နယ်တို့အပါအဝင် အာရက္ခဒေသအတွင်းရှိ မြို့နယ်အများအပြားကိုလေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြို့ရွာတွေကို လေကြောင်းပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ပြည်သူတွေလေကြောင်းအန္တရာယ်ကို အထူးသတိပြုဖို့လိုအပ်နေပါတယ်။


















